ကဒါဖီ ရွေးစရာ ဘယ်လမ်းတွေ ရှိသလဲ

  • 23 မတ် 2011

ကဒါဖီရဲ့ တပ်ဖွဲ့တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်နေတာ ငါးရက်ကြာပါပြီ။ အင်္ဂါနေ့ညတုန်းကတော့ ကဒါဖီက သူတို့ ဘယ်တော့မှ လက်နက်မချဘူးလို့ ဆိုလိုက်ပြန်ပါတယ်။ လစ်ဗျား အာဏာရှင် ဗိုလ်မှူးကြီး ကဒါဖီအနေနဲ့ ဘာတွေများရွေးချယ်စရာ လမ်းတွေရှိပါသလဲ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption မူဆလင်တွေကို တိုက်ခိုက်နေတာပါဆိုပြီး လှုံ့ဆော်

သူက တိုက်ခိုက်နေတဲ့ နိုင်ငံတကာတပ်တွေကို ဘာသာရေးစစ်ပွဲ ဆင်နွှဲနေသူတွေလို့ သုံးနှုံးလိုက်ပြီး အစ္စလာမ်ဘာသာအပေါ် ခရူးဆိတ် ဘာသာရေး စစ်ပွဲကြီး ဆင်နွှဲနေပြီမို့ ခုခံကာကွယ်ကြဖို့ဆိုပြီး မူဆလင် ကမ္ဘာတခုလုံးကိုလည်း စည်းရုံးပြောဆိုသွားပါတယ်။

ဘီဘီစီ အာရဗီဘာသာ ဌာနရဲ့ အယ်ဒီတာ အီဆမ် အီကီရာမာဝီ ကတော့ ကဒါဖီနဲ့ သူ့ကို သစ္စာစောင့်သိသူတွေဟာ ခုခံကာကွယ်ဖို့ စိတ်ဓါတ်ရေးရာ အရ ရော လက်တွေ့အရပါ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

"ကဒါဖီရဲ့ လူတွေဟာ ခုခံဖို့ ပြင်ဆင်ထားပြီးကြပါပြီ။ တကယ်တန်း သူတို့ဟာ အနောက်အုပ်စုနဲ့ ထိပ်တိုက်ရင်ဆိုင်တိုးချင်ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ရဲ့ ရှင်သန်ရေး အတွက် ခုခံတိုက်ခိုက်ကြဖို့ သူတို့ ဆုံ့းဖြတ်ထားကြပြီးပါပြီ။ သူတို့ မှာ တခြား ရွေးစရာ မရှိတော့ပါဘူး။ သူတို့ မျှော်လင့် တာတခုကတော့ အနောက်အုပ်စု မဟာမိတ်တွေအကြားမှာ ညီညွတ်ရေးပြိုကွဲသွားဖို့ပါ။ အခုကိုပဲ ရုရှားက လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ပြီး အပစ်အခတ်အားလုံး ရပ်စဲဖို့ တောင်းဆိုနေတယ်ဆိုတော့ အနောက်အုပ်စုတွေကြားမှာ အကွဲအပြဲဖြစ်လာမှာမျိုးကို သူတို့က လိုလားပါတယ်။ အမေရိကန် အစိုးရကို သူ့ပြည်သူတွေက ထောက်ခံမှု မပေးဘဲ ကန့်ကွက် ဆန့်ကျင်လာမှာမျိုးကို သူတို့က လိုလားနေကြတာပါ"

ဒါက ကဒါဖီဘက်က လိုလားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်အုပ်စု ရဲ့ လေကြောင်းတိုက်ခိုက်မှု ပြန်ဆုတ်သွားတဲ့ အထိဖြစ်ဖို့ဆိုတာက လောလောဆယ်မှာ တော့ မဖြစ်နိုင်သေးပါဘူး။

ဒါပေမဲ့ ကဒါဖီနဲ့ နီးစပ်သူတွေက ကဒါဖီထွက်ပြေးဖို့ ထွက်ပေါက်ရှာနေတယ်ဆိုပြီး ပြောဆိုတဲ့ အကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်၊ ဘီဘီစီ အယ်ဒီတာ အီဆမ်ကတော့ အဲဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ဘူးလို့ ဆိုပါတယ်။

"ကဒါဖီ ထွက်ပြေးလိမ့်မယ်၊ ဗင်နီဇွဲလားကို ပြေးမယ်၊ နီကာရာဂွာ၊ မိုဇမ်ဘစ် ကို ပြေးမယ်ဆိုပြီး တချို့က ပြောကြပါတယ်။ ဒါပေမဲ့ ကဒါဖီမှာ လည်း သူ့ကို ထောက်ခံသူတွေရဲ့ စစ်တပ်ရှိပါတယ်။ အဲဒီစစ်တပ်တွေကို သူ့ဆွေမျိုးတွေက ခေါင်းဆောင်နေကြပါတယ်။ လက်နက်ကောင်းတွေရှိကြပါတယ်။ ဒီတော့ ကဒါဖီအနေနဲ့ လွယ်လွယ်လက်လျော့သွားလိမ့်မယ်လို့တော့ မျှော်လင့်လို့ မရပါဘူး။ နောက်ဆုံး မိနစ်အထိတိုက်သွားပြီး မတတ်သာတဲ့ အဆုံးကျမှ ထွက်ပြေးမှာပါ။ အခုအဆင့်မှာတော့ အဲသလို ဖြစ်လာနိုင်တဲ့ အရိပ်အယောင် မျိုး မမြင်မိသေးပါဘူး"

ကဒါဖီဟာ ချမ်းသာ ကြွယ်ဝသူ ဖြစ်ပါတယ်။ ငွေကြေး အမြောက်အများရှိတယ်လို့ အများက ယုံကြည်ကြပါတယ်။ ဒီတော့ ကဒါဖီက အဲသည် ငွေကြေးတွေ နဲ့ အာဖရိကြေးစားတပ်တွေကို ထပ်ပြီး ငှားရမ်း အသုံးပြုဦးမလားလို့ တွေးတောမှုတွေလည်း ရှိပါတယ်။

ဘီဘီစီ အာရေဗျ အယ်ဒီတာ အီဆမ်ကတော့ ရေရှည်နဲ့ အသည်းအသန် တိုက်ခိုက်ရတော့မယ့် အချိန်အခါမျိုးမှာ ကြေးစားတပ်တွေကို အားကိုးနိုင်မယ်လို့ မထင်ပါဘူး။ ကဒါဖီဟာ သူ့ကိုယ်ပိုင် သစ္စာရှိတပ်ဖွဲ့တွေနဲ့သာ ခုခံမှာပါ။ ဒါပေမဲ့ လေကြောင်းတိုက်ပွဲနဲ့လည်း ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ သူက မယုံကြည်ပါဘူး။

အခုနောက်ဆုံး အမေရိကန်တပ်မှုးကြီးတွေက လိုအပ်ရင် ကဒါဖီရဲ့ မြေပြင်တပ်တွေကိုပါ လေကြောင်းက တိုက်ခိုက်သွားတော့မယ်လို့ ပြောလာပါတယ်။

နိုင်ငံတကာ ခေါင်းဆောင်တွေ အကြားမှာလည်း ကဒါဖီရဲ့ တပ်တွေ အရပ်သားတွေကို ဆက်မတိုက်နိုင်အောင် အကာအကွယ်ပေးဖို့လောက်ပဲ လုပ်ရမယ်လို့ ယူဆသူတွေရှိသလို ကဒါဖီကိုပါ အာဏာမှာ ဆက်မနေနိုင်အောင်လုပ်မှ ရမယ်လို့ ယူဆသူတွေလည်း ရှိနေကြပါတယ်။