ပေါ်တူဂီ ဝန်ကြီးချုပ် နှုတ်ထွက်စာတင်

  • 24 မတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ပေါ်တူဂီ ဝန်ကြီးချုပ် နှုတ်ထွက်စာတင်

ပေါ်တူဂီမှာ ဝန်ကြီးချုပ် Jose Socrates က နှုတ်ထွက်စာ တင်ခဲ့ပါတယ်။

ဒီနေ့ ပါလီမန်မှာ တင်ပြခဲ့တာတွေက ကျွန်တော်အတွက်လည်း မဟုတ် အစိုးရ အတွက်လည်း မဟုတ်ဘူး၊ တိုင်းပြည်အတွက်ပါ ၊ အခုတော့ တိုင်းပြည်မှာ အရှုံးနဲ့ ရင်ဆိုင်ရပြီ ၊ ငွေကြေး စျေးကွက်နဲ့ အဖွဲ့အစည်းကြီး တွေနဲ့ ဆက်ဆံရတဲ့ အခါ အခုကြုံနေရတဲ့ နိုင်ငံရေး အကြပ် အတည်း က ကျွန်တော်တို့ တိုင်းပြည် မှာ လိုအပ်နေတဲ့ ယုံကြည်မှုကို မရဘဲ နောက်ဆက်တွဲ ပြဿနာတွေ ပေးပါ လိမ့်မယ်လို့ ဝန်ကြီးချုပ် ဆိုကရေတဲစ် က ဆိုပါတယ်။

လွှတ်တော်မှာ အမတ်နေရာ ၅ဝ ရာခိုင်နှုန်းမရဘဲ အစိုးရဖွဲ့ခဲ့ရတဲ့ Mr Socrates ခေါင်းဆောင်တဲ့ အစိုးရက အသုံးစရိတ် ဖြတ်တောက်ရေး နဲ့ အခွန်တိုးကောက်ရေးတို့ကို ပါလီမန်ထဲမှာ အဆိုပြုခဲ့ပြီး အကြပ်အတည်း ကျနေတဲ့ တိုင်းပြည်စီးပွားရေးကို ဖြေရှင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို ပါလီမန်က ပယ်ချခဲ့တာကြောင့် နောက်ထပ် ရွေးကောက်ပွဲ ကျင်းပရင် ယူရိုငွေကြေးအပေါ် ယုံကြည်မှု နည်းလာကာ ငွေကြေး စျေးကွက်ထဲမှာ မရေရာမှုတွေ ပိုဖြစ်လာနိုင်ပြီး နိုင်ငံတကာက ဘဏ္ဍာရေး ကယ်တင်မှု အစီအစဉ်တွေ ယူရနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ယူရိုငွေကြေး ခိုင်မာလာအောင် ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ ဥရောပ သမဂ္ဂ အစည်းအဝေး ကျင်းပတော့မယ့် အချိန်မှာ အခုလို ဖြစ်ခဲ့တာကြောင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံက ခေါင်းဆောင်တွေ မျက်နှာချင်းဆိုင်ပြီး နောက်အကြပ် အတည်း တခုကို ဆွေးနွေး ဖြေရှင်း ရတော့မယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။