လစ်ဗျားစစ်ပွဲမှာ နေတိုးပါလာဖို့ရှိ

  • 23 မတ် 2011
NATO ဓာတ်ပုံ မူပိုင် Reuters

လစ်ဗျားမှာ အစိုးရတပ်တွေက အရပ်သား တွေအပေါ် တိုက်ခိုက်နေမှုတွေ ရပ်တန့် အောင် လုပ်ဖို့ နိုင်ငံတကာ တပ်တွေက စစ်ဆင်ရေးတွေ ဆင်နွဲနေရာမှာ ဒီစစ်ပွဲမှာ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ ခေါ် နေတိုးရဲ့ အခန်းကဏ္ဍလည်း ပါသင့်တယ် ဆိုပြီး အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က သဘောတူလိုက်ကြပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက တောင်အမေရိကတိုက်ခရီးစဉ်အတွင်း ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ပြင်သစ်သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီတို့နဲ့ တယ်လီဖုန်းပေါ်မှာ ဆွေးနွေးကာ သဘောတူခဲ့ကြတယ်လို့ အမေရိကန် အိမ်ဖြူတော်ဘက်က ပြောပါတယ်။

ဒါပေမယ့် အသေးစိတ်ကိုတော့ ဆက်လက်ဆွေးနွေးဖို့ ရှိနေပါသေးတယ်။ လောလောဆယ်မှာ အမေရိကန်က လစ်ဗျားစစ်ဆင်ရေးမှာ ထိမ်းချုပ်တဲ့နေရာက တာဝန်ယူထားပေမယ့် သူတို့အနေနဲ့ ရေရှည်ယူသွားဖို့ ဆန္ဒမရှိကြောင်းပြောထားပါတယ်။

နေတိုးက ဦးဆောင်လာနိုင်

ထိမ်းချုပ်တဲ့နေရာကို ဘယ်သူ ဆက်တာဝန် ယူမလဲဆိုတာ မသိရသေးပေမယ့် အမေရိကန်နဲ့ ဗြိတိန်တို့က နေတိုးဟာ အဓိက အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ပြောသလို ပြင်သစ်ကလည်း နေတိုးဟာ ညွန့်ပေါင်းတပ်တွေကို အထောက်အပံ့ ပေးလာနိုင်လိမ့်မယ်လို့ ပြောပါတယ်။

အဖွဲ့ဝင် ၂၈ နိုင်ငံရှိတဲ့ နေတိုးဘက်ကတော့ လောလောဆယ်မှာ လစ်ဗျားကို တင်ပို့နိုင်တဲ့ လက်နက်လမ်းကြောင်းကို ပိတ်ဆို့ဖို့ သဘောတူခဲ့ကြသလို မြေထဲပင်လယ်အလယ်ပိုင်းမှာ နေတိုးစစ်သင်္ဘောတွေနဲ့ လေယာဉ်တွေ နေရာချထားလိုက်ပါတယ်။

နေတိုးနိုင်ငံတွေက ဝန်ကြီးတွေလည်း အင်္ဂါနေ့က သူတို့ ဘယ်လိုပူးပေါင်းပါဝင်သင့်သလဲဆိုတာ ဆွေးနွေးခဲ့ကြသလို အာဖရိက၊ အာရပ်၊ ဥရောပနဲ့ မြောက်အမေရိကနိုင်ငံတွေပါဝင်တဲ့ ကျယ်ပြန့်တဲ့ မဟာမိတ်အဖွဲ့ ဖွဲ့ပြီး လုပ်ဆောင်သင့်တယ်လို့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကဒါဖီကတော့ ဆက်လက်ခုခံ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကဒါဖီကတော့ ခုခံသွားမယ်လို့ ပြော

လစ်ဗျားကို လွန်ခဲ့တဲ့ ငါးရက်လောက်က နိုင်ငံစုံ လေကြောင်း တိုက်ခိုက်မှု စတင်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်မှူးကြီး ကဒါဖီဟာ ရုပ်မြင်သံကြားက တဆင့် လစ်ဗျား တနိုင်ငံလုံးကို မိန့်ခွန်း ပြောခဲ့ပါတယ်။

လစ်ဗျား သူပုန်တွေနဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ တိုက်ခိုက်မှုတွေကို လစ်ဗျား စစ်တပ်က အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်မှာ ဖြစ်တယ်လို့ သူ့ကို ထောက်ခံကြောင်း အော်ဟစ် ကြွေးကြော်နေတဲ့ လူအုပ်ကို ဂဒါဖီက မိန့်ခွန်း ပြောသွားတာပါ။

ဒီအတောအတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ခုဆိုရင် ကဒါဖီနဲ့ နီးစပ်သူတွေကိုယ်တိုင် မဟာမိတ်တွေနဲ့ အဆက်အသွယ် လုပ်ပြီး ပြည်ပမှာ ခိုလှုံခွင့်ရဖို့ ကျိတ်စုံစမ်းတာတွေ လုပ်နေပြီလို့ ပြောလိုက်ပါတယ်။

ကဒါဖီပေါ် သစ္စာ စောင့်သိတဲ့ တပ်တွေကလည်း မြေပြင် စစ်ပွဲ ဆင်နွှဲခဲ့ပြီး နိုင်ငံ အနောက်ဘက်ခြမ်းက မစ်စရာတာမြို့မှာ သေကြေဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။