လစ်ဗျား အနာဂတ်အရေး မသေချာသေး

  • 24 မတ် 2011

လစ်ဗျားအပေါ် နိုင်ငံတကာက စစ်ရေး ကြားဝင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ဆုံးဖြတ်ချက် ချခဲ့တာ တပတ်ကြာခဲ့ ပေမယ့် လစ်ဗျားက နိုင်ငံရေး အကျပ် အတည်း ဟာ ပြေလည်တဲ့ပုံ မရှိသေးပါဘူး။

Image caption လေယာဉ်မပျံသန်းရဇုန် အမြဲတမ်း သတ်မှတ် ရမယ့်ပုံ ရှိနေပါတယ်

နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက် မှုတွေ ဆက်ပြီးရှိနေပေမယ့် ဗိုလ်မှုးကြီးကဒါဖီရဲ့ တပ်တွေက နိုင်ငံ အနောက်ဘက်ခြမ်းမှာ ကြံ့ကြံ့ ခံနေဆဲ ဖြစ်သလို အစိုးရ ဆန့်ကျင်သူ တွေက လည်း နိုင်ငံအရှေ့ခြမ်းကို လစ်ဗျားရဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ ဘန်ဂါဇီမြို့ကနေ ထိန်းချုပ် ထားနေဆဲပါ။

ဒီလို တဘက်နဲ့ တဘက် ရှေ့မတိုး နောက်မဆုတ် သာ ရှိနေကြတာကြောင့် နိုင်ငံဟာ နှစ်ခြမ်းကွဲ မယ့် သဘောမျိုးရှိနေတယ်လို့ ဘီဘီစီ သတင်း ထောက် မိုဟာမက်ဟူစိန်က သုံးသပ်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ လစ်ဗျား အရပ်သားတွေကို ကဒါဖီအစိုးရရဲ့ တိုက်ခိုက်မှုကနေ ဘယ်နည်းနဲ့ မဆို ကာကွယ်နိုင်တယ်လို့ ပြောထားပေမယ့် လစ်ဗျားနယ်မြေ တစိတ်တပိုင်းကိုမှ သိမ်းပိုက်ခြင်းမပြုရဘူးလို့ ဖေါ်ပြ ထား ပါတယ်။

အမေရိကန် ဗြိတိန်နဲ့ပြင်သစ်တို့က လေကြောင်းတိုက်ခိုက်မှုတွေက လစ်ဗျားအစိုးရ လေတပ် ကို သုံးမရအောင် ဖျက်ဆီးနိုင်ခဲ့ပါတယ်။

အဲဒီတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကဒါဖီက တအိမ်တက်ဆင်း ချေမှုန်းမယ် လို့ ကြုံးဝါးထားတဲ့ ဘန်ဂါဇီ ဆင်ခြေဖုံးက အရပ်သားတွေ အသက်ဘေးက ကင်းလွတ်ခဲ့ရ ပါတယ်။

Image caption နိုင်ငံတကာလေကြောင်းကနေ လစ်ဗျားအစိုးရ လေတပ်ကို သုံးမရအောင် ဖျက်ဆီးနိုင်ခဲ့

ဒါပေမဲ့ ကဒါဖီ လေတပ် အင်အား ချည့်နဲ့ သွားရင်၊ ဘန်ဂါဇီကို ခြေကုပ်ယူထားတဲ့ အစိုးရ ဆန့်ကျင်သူတွေ ကဒါဖီထိန်းချုပ်ရာ အနောက် ဘက် ဒေသတွေဆီ မူလက မှန်းထားသလို ရှေ့တိုးချီတက်လာနိုင်ခဲ့ခြင်း မရှိပါဘူး။

ကဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေဟာ စစ်ရေး အတွေ့အကြုံ မရှိ၊ လေ့ကျင်သင်တန်းပေးမှု မရှိ၊ အသေအချာ ထိန်းချုပ် ကွပ်ကဲမှု မရှိ ဖြစ်နေတဲ့ အပြင် ကဒါဖီရဲ့ သံချပ်ကာတပ်၊ အမြှောက်တပ် တွေကို ရင်ဆိုင်ဖို့ အင်အား မရှိပါဘူး။

နောက်ပြီး ကဒါဖီကို ဆန့်ကျင်ခဲ့ကြတဲ့ အစိုးရ တပ်ဖွဲ့ဝင်တွေကလည်း အစိုးရ ဆန့်ကျင်သူ တွေနဲ့ ပေါင်းမယ့်အစား ယူနီဖေါင်းချွတ်ပြီး ပျောက်သွားကြတဲ့ပုံ ပေါ်ပါတယ်။

ကဒါဖီတို့ဘက်ကလဲ လေကြောင်း အင်အား မရှိဘဲနဲ့ အစိုးရဆန့်ကျင်တဲ့ သူပုန်တွေကို ပြတ်ပြတ်သားသား အနိုင်ယူဖို့ မလွယ်ကူလှပါဘူး။

ဒီတော့ နိုင်ငံ ၂ ခြမ်း ကွဲမယ့် အဖြစ်မျိုးကို မလိုလားကြပေမဲ့ အခုတော့ အခြေအနေအရ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကွဲ မယ့် သဘောဖြစ်နေပါပြီ။

အနောက်နိုင်ငံတွေကလည်း ဒီလိုဖြစ်မှာကို မလိုလားပါဘူး။ တကယ်လို့လာ နှစ်ခြမ်းကွဲ သွားရင်လည်း၊ ကဒါဖီက နိုင်ငံတခြမ်းမှာ အာဏာရှိနေသရွေ့ တခြားတဘက်က အရပ်သား တွေကို အန္တရာယ်ပေးနေမှာမို့ လေယာဉ်မပျံသန်းရဇုန် အမြဲတမ်း သတ်မှတ်ရမယ့်ပုံ ရှိနေ ကြောင်း တင်ပြလိုက်ရပါတယ်။