No Fly Zone အကောင်အထည် ဖော်ဖို့ နေတိုး သဘောတူပြီ

  • 25 မတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption နေတိုးအဖွဲ့ အကြီးအကဲ Anders Fogh Rasmussen

လစ်ဗျားနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုံ အကောင်အထည်ဖော်ရေးအတွက် နေတိုးအဖွဲ့က တာဝန်ယူပေးဖို့နဲ့ ပတ်သက်လို့ သဘောကွဲမှုတွေ မရေရာမှုတွေ ရက်အတန်ကြာ ဖြစ်ခဲ့ပေမယ့် အခုတော့ သဘောတူလိုက်ပါပြီ။

နေတိုးအဖွဲ့ဝင်ရဲ့ ဆုံးဖြတ်ချက်အားလုံးကို သဘောတူညီချက်ရမှ လုပ်ဆောင်တာ ဖြစ်ပြီ ဒီနေ့လည်း နိုင်ငံပေါင်း ၂၈ နိုင်ငံရဲ့ သဘောတူညီချက် အရ no-fly zone ကိစ္စကို တာဝန်ယူလိုက်ရတာ ဖြစ်ပါတယ်လို့ နေတိုး အဖွဲ့ အထွေထွေ အတွင်းရေးမှူး Anders Fogh Rasmussen အန်းဒါးဖို့ဂ် ရက်စမူဆန်က ပြောပါတယ်။

ဒါ့အပြင် မဟာမိတ်တပ်တွေရဲ့ တာဝန်ကလည်း လစ်ဗျားလေယာဉ်တွေ ပျံတက်မလာနိုင်အောင် လုပ်ဖို့ ဖြစ်ပြီး အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် တို့ရဲ့ သီးခြား စစ်ဆင်ရေး ကတော့ အရပ်သား တွေကို ကာကွယ်ဖို့ တာဝန်ယူသွားပါမယ် ၊ ဒါပေမယ့် နေတိုးအဖွဲ့က အဲဒီတာဝန်ကိုလည်းဘဲ လွှဲပြောင်းယူဖို့ ဆက်လက်ဆွေးနွေးမှုတွေ လုပ်နေပါတယ်လို့ နေတိုးအဖွဲ့ အကြီးအကဲ အန်းဒါးဖို့စ် ရာ့စ်မူဆန်က ဆိုပါတယ်။

လတ်တလော နိုင်ငံတကာ တပ်ဖွဲ့တွေက လေကြောင်းက အရေးယူမှုတွေ လုပ်နေတာ သီတင်းတပတ်နီးပါး ရှိလာပြီ ဖြစ်ပေမယ့် လစ်ဗျားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုက ရပ်မသွားဖို့ အရိပ်အယောင် မမြင်ရသေးဘူး အမေရိကန် က ပြောပါတယ်။

Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်

လစ်ဗျားမှာ no-fly zone အကောင်အထည်ဖော်ရေး ကိစ္စမှာ အာရပ် စော်ဘွားများ ပြည်ထောင်စုက လေယာဉ်တွေလည်း ပူးပေါင်းပါဝင်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြား လိုက်ပါတယ်။

အာရပ် စော်ဘွားများ ပြည်ထောင်စုဟာ နိုင်ငံတကာ တပ်တွေရဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ ပါဝင်လာတဲ့ ဒုတိယမြောက် အာရပ်နိုင်ငံဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံမှာ လွန်ခဲ့တဲ့ လတွေအတွင်း ရာထောင်ချီတဲ့ လူတွေ ပျောက်နေပြီး သူတို့ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု သင့်ခံနေတယ်လို့ ယူဆရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ပြောကြားလိုက်ပါတယ်။

ဆန္ဒပြသမားတွေနဲ့ ဆန္ဒပြလူအုပ်ကို ပစ်ခတ်ဖို့ အမိန့်ပေးတာကို ငြင်းဆန်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး လူသူ မသိတဲ့ နေရာမှာ ထိန်းသိမ်းထား တယ်လို့ ခိုင်လုံတဲ့ သတင်းတွေရပေမယ့် အဲဒီလူတွေဟာ နှိပ်စက်ခံနေရလား ၊ ဒါမှမဟုတ် ကွပ်မျက်ခံလိုက်ရပြီလား ဆိုတာမသိရတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး ကော်မတီက ပြောပါတယ်။

လတ်တလောမှာတော့ နိုင်ငံတကာ တပ်ဖွဲ့တွေရဲ့ လေကြောင်းက ပစ်ခတ်မှုကြောင့် သေဆုံးရသူ တွေရဲ့ စျာပနချ အခမ်းအနားလို့ ဆိုပြီး ရုပ်ပုံသတင်းတွေကို လစ်ဗျား အစိုးရ အာဘော် ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။