အက်စ်အက်စ်အေတပ်မဟာ ၁နယ်မှာ တိုက်ပွဲများဖြစ်

  • 24 မတ် 2011
ရှမ်းလက်နက်ကိုင်အဖွဲ့မှစစ်သားတယောက်
Image caption ရှမ်းလက်နက်ကိုင်အဖွဲ့မှစစ်သားတယောက်

တိုက်ပွဲက ၅ ကြိမ်လောက်ဖြစ်ရာမှာ ဒီကနေ့ မနက်မှာ ထပ်ပြီး ၂ ခါ ပစ်ကြပြီးမနေ့ နေ့လည်ပိုင်းအချိန်ကနေ ည ၉ နာရီအချိန်အထိ ၃ ကြိမ် ပစ်ခတ်ကြပါတယ်။

အဲဒီ တိုက်ပွဲတွေက နေရာသတ်သတ်စီမှာ ဖြစ်ကြတာပါ။မနေ့က ဖြစ်တဲ့ပစ်ခတ်မှု ၃ ခုထဲက တခုကတော့ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်ခွဲ ဒူယားအုပ်စုက မိန်းခန်ရွာ အနီးမှာ ပစ်ကြတာဖြစ်တယ်။ အဲဒါကတော့ အက်စ်အက်စ် အေတပ်မဟာ (၁) ရဲ့ တပ်ရင်း အမှတ် ၈၀၁ က ရှမ်းစစ်သားနဲ့ မိုင်းနောင်ဒေသ တဝိုက်နယ်လှည့်တဲ့ နအဖ စစ်ကြောင်းတစ်ကြောင်း ပဲဖြစ်ပါတယ်။

နောက်တခြား ကျန်တဲ့ ၂ နေရာကတော့ မိုင်းရှုးမြို့နယ် နမ့်င ချောင်းနဲ့ ၀မ့်ဟွေ့ရွာကြားမှာ အက်စ်အက်စ်အေ တပ်ရင်းအမှတ် ၁၉၆ က တပ်သားနဲ့ မိုင်းရှူးဒေသမှာ လှုပ်ရှားကြတဲ့ နအဖစစ်ကြောင်းတစ်ကြောင်းနဲ့ တစ်ခါဖြစ်တယ်၊ နောက်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် လုံကောင်ရွာနားက ကောင်းစောင့်မိန်းတောင်ကုန်းမှာ အက်စ်အက်စ်အေ တပ်ရင်း အမှတ် (၁) နဲ့ ည ၉ နာရီလောက်မှာ တခါဖြစ်တာလို့ တပ်မဟာ (၁) က ပြောပါတယ်။

မနေ့က ပစ်ခတ်မှုထဲမှာ အက်စ်အက်စ်အေက ပြောက်ကျားစနစ်နဲ့ နအဖနောက်ကို ခြုံခိုပစ်တဲ့အတွက် နအဖဘက်က ၃ ယောက် ကျဆုံးပြီး အက်စ်အက်စ်အေဘက်မှာ ထိခိုက်မှုတော့မရှိဘူးလို့ အက်စ်အက်စ်အေ ကပြောပါတယ်။

ဒီကနေ့ မနက်မှာလဲ အဲဒီ မိုင်းနောင်မြို့နယ်ခွဲ ဒူယားကျေးရွာအုပ်စုထဲမှာပဲ မနက် ၃ နာရီလောက်ကနေ ၉ နာရီအထိ ၆ နာရီနီးပါးလောက် အက်စ်အက်စ်အေ တပ်ရင်း အမှတ် ၈၀၁ နဲ့ပဲ ဒုတိယအကြိမ်ပြန် ပစ်ခတ်ကြတယ်လို့ ဒူယားဒေသခံတွေက ပြောပါတယ်။ဒီကနေ့ ပစ်ခတ်မှုမှာ နအဖဘက်က ကျဆုံးမှုကိုတော့ မသိရပေမဲ့ ၃- ၄ ယောက်တော့ ဒဏ်ရာရကြတယ်လို့ မျက်မြင်သက်သေ ဒေသခံတယောက်က ပြောပါတယ်။

ရာနဲ့ချီတဲ့ နအဖစစ်တပ်က အက်စ်အက်စ်အေ နယ်မြေနဲ့ သံလွင်မြစ်တလျောက်ကို စစ်ကားတွေနဲ့ သွားလာလှုပ်ရှားနေသလို မြင်းတွေ၊ လားတွေနဲ့လဲ ရှမ်းစစ်တပ်ကို လှန်လောရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်က နအဖစစ်တပ်က မိုင်းနောင်ကနေမိုင်းရှူးဘက်ကို မြင်းကောင်ရေ ၂၀၀ နီးပါးလောက်ကို စစ်ကား ၂၃ စီးနဲ့ တင်ဆောင်လာပြီး မိုင်းရှုးအရှေ့ခြမ်း သံလွင်မြစ်ဘက်ကို ရိက္ခာတွေတင်ပြီး ယူဆောင်လာတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။