ကနေဒါ သတင်းထောက် အဖမ်းခံရ

  • 26 မတ် 2011
ထိုင်းမြန်မာနယ်စပ်
Image caption ထိုင်းမြန်မာ နယ်စပ် တစ်နေရာ

ကနေဒါနိုင်ငံသား ရွန်နို ရွန်နို ဆိုတဲ့သူဟာ ထိုင်းနိုင်ငံ တာခ်ခရိုင်ရဲ့နယ်စပ် ဖုဖ်ဖရ မြို့နယ် ဝေါ်လေရွာ နယ်စပ်ကနေ မြန်မာဖက် အခြမ်းက ဝေါ်လေမြိုင် မြို့နယ်ခွဲ အထဲကို ခိုးဝင်ပြီး ဓါတ်ပုံ ရိုက်နေတုံးမှာ မြန်မာ တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ရွန်နို ရွန်နိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မဲဆောက်ကနေ လိုင်းကား စီးပြီး ထိုင်းဖက် နယ်စပ် ဝေါ်လေရွာကို သွားစဉ် မိုးကဲ စစ်ဆေးရေးဂိတ်မှာ ထိုင်း အာဏာပိုင်တွေက သူ့ကို မြန်မာဖက်ကို မကူးဖို့ သတိပေးခဲ့ပေမဲ့ လိုက်နာခြင်း မရှိလို့ မြန်မာနိုင်ငံဖက်ခြမ်းမှာ အဖမ်းခံလိုက်ရတာ ဖြစ်ကြောင်း သူ့ရဲ့ လွတ်မြောက်ရေး အတွက် လိုက်လံ ဆောင်ရွက် ပေးနေတဲ့ ထိုင်းတာဝန်ရှိသူ တယောက်က ဘီဘီစီကို ပြောပါတယ်။

ရွန်နို ရွန်နို ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်တုံးက ဝေါ်လေမြိုင် ရွာထဲက အိမ်တချို့ မီးလောင်ထားတဲ့ ပုံတွေကို ဓါတ်ပုံ ရိုက်ယူနေတဲ့အချိန်မှာ မြန်မာ အာဏာပိုင်တွေက သူ့ကို ဖမ်းဆီး လိုက်တာ ဖြစ်တယ်လို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းတာဝန်ရှိသူတွေက သူ့ရဲ့ လွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးနေပေမဲ့ အခုအချိန် အထိတော့ မလွတ်သေးပါဘူး။

ဝေါ်လေမြိုင်ရွာဟာ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးရဲ့ ဌာနချုပ်ဟောင်း ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုံးက နအဖက နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းခိုင်းတာကို ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေက လက်မခံတဲ့ အတွက် ဝေါ်လေမြိုင် စခန်းကို နအဖက တိုက်ခိုက် သိမ်းယူလိုက်တာ ဖြစ်ပါတယ်။

မြန်မာ အာဏာပိုင်တွေဟာ အခု လဆန်းပိုင်းတုံး ဝေါ်လေမြိုင်ရွာကို ဝေါ်လေမြိုင် မြို့နယ်ခွဲ အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။