နျူကလီယားရောင်ခြည်ယိုစိမ့်မှု စိုးရိမ်ရ

  • 25 မတ် 2011
ဝန်ထမ်းများစစ်ဆေးနေစဉ် ဓာတ်ပုံ မူပိုင် Reuters
Image caption ဝန်ထမ်းများစစ်ဆေးနေစဉ်

ဂျပန် အစိုးရက ဖူကူရှီးမား ဒိုင်အိချိ နျူကလိယား စက်ရုံ က အမှတ် ၃ ဓါတ်ပေါင်းဖို အတွင်းရှိ ရေထဲမှာ ဓါတ်ရောင်ခြည် စိမ့်ဝင်နေမှု အဆင့် ဟာ ဆိုရင် ပုံမှန်ထက် အဆပေါင်း တသောင်း မြင့်မား နေတဲ့ အတွက် ဓါတ်ရောင်ခြည် ယိုစိမ့်မှု ဖြစ်ရမှု ကို အထပ်ထပ် စစ်ဆေး နေပြီ ဖြစ်တဲ့ အကြောင်း ဂျပန် ကက်ဘိနက်အတွင်းဝန်ချုပ် ယူကီယို အီဒါးနိုး က ရှင်းပြပါတယ်။

ဂျပန်နျူကလီးယား လုံခြုံရေး အေဂျင်စီ ကလဲ ဓါတ်ပေါင်းဖို အနေနဲ့ ပျက်စီးမှု ရှိပေမဲ့ ဒီ့ထက် ဆိုးဆိုးဝါးဝါး ဖြစ်စရာ မရှိတော့ ပါဘူးလို့ ထပ်မံ ပြောဆိုပါတါကို တိုကျို က ဘီဘီစီ သတင်းထောက် Mark Worthington က သတင်းပေးပို့လိုက်ပါတယ်။

ကျိုဒို သတင်းအေဂျင်စီ ကတော့ ပင်မ ဓါတ်ပေါင်းဖို ကွဲအက်တာ မဟုတ်ဘူး ဆိုတာကို ဂျပန် နျူကလီးယား အေဂျင်စီ ကသတင်းထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ဂျပန် အစိုးရ ဖက်ကတော့ လုံခြုံရေး ဆိုင်ရာ အရေးယူ ဆောင်ရွက်မှု တွေ ကို ဆက်လက် လုပ်ဆောင်ကြဖို့ အမိန့်ထုတ်ထားပါပြီ။ အထူးသဖြင့် နျူကလီးယား စက်ရုံ အဆောက်အအုံ တွေနဲ့ ၁၂ မိုင်ကနေ ၁၈ မိုင်ကြား နေထိုင်သူတွေ ကို မိမိတို့ သဘောဆန္ဒ အရ ပြောင်းရွှေ့ နေကြဖို့ ပြောထားပါတယ်။ ဒါမှ မဟုတ်ရင်လဲ မိမိ တို့ အိမ်တွင်းမှာပဲ နေကြဖို့ မှာထားပါတယ်။

အစိုးရအနေနဲ့တော့ ဓါတ်ရောင်ခြည် ယိုစိမ့်မှု အဆင့်မြင့်မား လာရင်တော့ ဒေသခံတွေကို ရွှေ့ပြောင်း ကြဖို့ အမိန့် ထုတ်ကောင်း ထုတ်မယ်လို့ မစ္စတာ အီဒါးနိုးက သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

စက်ရုံ တာဝန်ခံ တဦးကတော့ ဓါတ်ပေါင်းဖို တခု အတွင်းက ရေတွေထဲမှာ ဓါတ်ရောင်ခြည် စိမ့်ဝင့်မှု အဆင့် မြင့်နေခြင်းဟာ ပင်မ ဓါတ်ပေါင်းဖို အတွင်း ပျက်စီးမှု ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မတ်လ ၁၁ ရက်နေ့ က ငလျင်နဲ့ ဆူနာမီ ဒဏ်ကြောင့် သေဆုံးသူ စါရင်းဟာ တသောင်း ကျော်နေတဲ့ အကြောင်း၊ ပျောက်ဆုံးသူ စါရင်းဟါလဲ တသောင်းခွန်နှစ်ထောင်လေးရာ ကျော် နေတဲ့ အကြောင်း ရဲက ပြောပါတယ်။

ဒီသတင်းပတ် အစောပိုင်းက တိုကျိုမြို့တွင်းရှိ ရေပိုက်တွင်း က ရေထဲမှာ ရေဒီယို သတ္တိကြွ အိုင်အိုဒင်း ပျော်ဝင်မှု ရှိပေမဲ့ အခုတော့ ကျသွားပြီ လို့လဲ သတင်းထောက်တွေက ပြောနေကြ ပါတယ်။