ကဒါဖီ မွေးရပ်မြေက ပစ်မှတ်တွေကို ထိအောင် ပစ်ပြီ

  • 28 မတ် 2011
Image caption ကဒါဖီရဲ့ မွေးမြေကို နိုင်ငံတကာ တပ်တွေ ထိအောင် ပစ်ပြီ

လစ်ဗျားမှာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ မွေးရပ်မြေ ဆာ့ထ်မြို့ကို နိုင်ငံတကာတပ်ဖွဲ့ တွေက လေကြောင်းက ထိုးစစ် ဆင်နေရာမှာ ပစ်မှတ်တွေကို ထိထိ ရောက်ရောက် တိုက်ခိုက် နိုင်ခဲ့ပါတယ်။

အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း နိုင်ငံအနောက်ပိုင်း ကမ်းရိုးတမ်း တလျှောက်က မြို့တွေကို လျှင်လျှင်မြန်မြန် သိမ်းပိုက် နိုင်ခဲ့ပြီး ကဒါဖီကို အဓိက ထောက်ခံ အားပေးနေတဲ့ နေရာတွေရာ အနောက်ပိုင်းက မြို့တွေကို ရှေ့ရှု ဦးတည် တိုက်ခိုက်လျှက် ရှိနေပါတယ်။

ထရစ်ပိုလီမြို့တော် မှာလည်း ပေါက်ကွဲသံတွေ ကြားရတယ်လို့ သတင်းရရှိ ပါတယ်။

နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ လေကြောင်းက တိုက်ခိုက်မှု အကူအညီကြောင့် ရေနံ ဆိပ်ကမ်းမြို့တွေ ဖြစ်တဲ့ ဘရက်ဂါနဲ့ ရက်စ်လာနုဖ် တို့ကို အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေက အစောပိုင်းတုန်းက သိမ်းယူနိုင်ခဲ့ပါတယ်။

အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေဟာ ခုခံ တိုက်ခိုက်မှု အနည်းအကျဉ်းသာ ရင်ဆိုင်ရတယ်လို့ သူပုန် ထိန်းချုပ် နယ်မြေမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပြီး ကဒါဖီ တပ်တွေဟာ သူတို့ အမာခံနယ်မြေကို ခုခံနိုင်ဖို့ တပ်အင်အား ပြန်စု နေပုံရတယ်လို့ ဆိုပါတယ်။

လစ်ဗျားမှာ နိုင်ငံတကာ တပ်တွေရဲ့ စစ်ဆင်ရေးအားလုံးကို နေတိုး မဟာမိတ် တပ်ဖွဲ့က တာဝန်ယူဖို့ သဘောတူလိုက်ပါပြီ။

ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption နေတိုးက တာဝန်ယူဖို့ သဘောတူလိုက်ပြီ

ရည်ရွယ်ချက်ကတော့ ဗိုလ်မှူးကြီး ကဒါဖီ တပ်တွေရဲ့ ခြိမ်းခြောက် တိုက်ခိုက် တာ ခံနေရတဲ့ အရပ်သားတွေ နေထိုင်ရာ ဒေသနဲ့ အရပ်သား တွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်လို့ နေတိုး အဖွဲ့ အကြီးအကဲ Anders Fogh Rasmussen က နေတိုး အဖွဲ့ဝင် နိုင်ငံများ ဆိုင်ရာ သံအမတ် အစည်းအဝေး အပြီးမှာ ပြောကြား လိုက်ပါတယ်။

နေတိုးအဖွဲ့ရဲ့ ပါဝင်ပတ်သတ်မှုနဲ့ ပတ်သက်ပြီး တရား ဥပဒေကြောင်းအရ အဓိက ဘာကို ပစ်မှတ်ထားတာလဲ ဆိုတဲ့ အချက်ကို ငြင်းခုန် ဆွေးနွေး မှုတွေ ပေါ်ထွက်နေတာကြောင့် လစ်ဗျားအပေါ် လက်နက် တင်ပို့မှု ပိတ်ဆို့ရေးနဲ့ လေယာဉ် မပျံသန်းရဇုံ သတ်မှတ်မှု အကောင်အထည် ဖော်ရေး လုပ်ဆောင်ဖို့ နေတိုးအဖွဲ့က သဘောတူ ပြီးတဲ့ အချိန်မှာ အရပ်သားတွေကို ကာကွယ်ဖို့ ဆိုတာ အရမ်းကို အတိမ်းအစောင်း မခံတဲ့ ကိစ္စ ဖြစ်လာ တယ်လို့ ဘရပ်ဆဲလ် မြို့က ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

လစ်ဗျားမှာ လာမယ့် တပတ်အတွင်း ပြည်ပကို ရေနံတင်ပို့မှု စတင်နိုင်မယ်လို့ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

Image caption သူပုန်တွေ တနေ့ ရေနံစိမ်း ပီပါ တသိန်းထုတ်ပြီ

သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ တနေ့ကို ရေနံစိမ်း ပီပါ တသိန်းကျော် ထုတ်နေပြီလို့ သူပုန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ali Tarhouni က ဆိုပါတယ်။

ကာတာနိုင်ငံက ကူညီပြီး စျေးကွက်ထဲကို ပို့ပေးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အီတလီက ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ အာဖရိက မြောက်ပိုင်းကနေ ခိုးဝင်လာတဲ့ လှေစီးဒုက္ခသည် အများအပြား ရောက်လာတဲ့ အတွက် ဒီကိစ္စအရေး ကိုင်တွယ် ဖြေရှင်းဖို့ ရုန်းကန် ကြိုးစား နေရပါတယ်။

မနေ့က တနင်္ဂနွေနေ့တုန်းက လစ်ဗျားကနေ လှေနဲ့ ရောက်လာတဲ့ လူပေါင်း ၃ဝဝ လောက်ရှိပြီး အများစုဟာ အီသီယိုပီးယားနဲ့ အက်ထရီးယားက ဖြစ်ပါတယ်။

အဲဒီအထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်ဟာ လှေပေါ်မှာတင် မီးဖွားခဲ့ပါတယ်။

လာမယ့် နာရီပိုင်းအတွင်း အီတလီမှာ အခုလိုဘဲ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ လှေတွေ အတော်များများ ရောက်လာ နိုင်သေး တယ်လို့ ဆိုပါတယ်။

အခုသီတင်းပတ်တွေ အတွင်း အာဖရိကမြောက်ပိုင်းကနေ ထွက်ပြေးလာသူ ဒုက္ခသည် တစ်သောင်းခွဲလောက်ကို လက်ခံထားရပြီး ဒီအရေး ဖြေရှင်းပေးဖို့ နိုင်ငံတကာကို အကူအညီတောင်းခံထားပါတယ်။