လစ်ဗျားသူပုန်တွေ ရာစလာနုဖ်မြို့ကို သိမ်းပြီ

  • 27 မတ် 2011

လစ်ဗျားနိုင်ငံ အနောက်ဘက်ဆီကို တိုးတိုးပြီး တိုက်ခိုက်လာနေတဲ့ သူပုန်တပ်ဖွဲ့ တွေဟာ အဓိက ရေနံဆိပ်ကမ်းမြို့ဖြစ်တဲ့ ရာစလာနုဖ်မြို့ကို သိမ်းယူလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် none

ကဒါဖီတပ်ဖွဲ့တွေဟာ အသက်လုပြီး မြို့ကနေ လုံးဝထွက်ပြေးသွားကြပြီ ဖြစ်တယ်လို့ သူပုန် တပ်မှူးတဦးက ဘီဘီစီကို ပြောပါတယ်။

သူပုန်တပ်ဖွဲ့တွေဟာ နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ လေကြောင်း ပစ်ခတ်မှု အကူအညီနဲ့ ကမ်းခြေ အတိုင်း အနောက်ဖက်ဆီကို အတင်းရှေ့တိုး တိုက်ခိုက်လာခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နိုင်ငံတကာလေကြောင်းကနေ ပစ်ခတ်မှုကြောင့် ကဒါဖီရဲ့ တင့်ကားတွေ အမြှောက် လက်နက်တွေ အတော်များများ ပျက်ဆီးကုန်ပါတယ်။

လစ်ဗျားအစိုးရ ပြောခွင့်ရသူ မူဆာ အီဘရာဟင်ကတော့ အနောက်အုပ်စုရဲ့ ဝင်ရောက် စွက်ဖက်မှု ဟာ လစ်ဗျားမှာ ရေရှည် ပြဿနာတွေသာ ဖြစ်စေလိမ့်မယ်လို့ပြောပါတယ်။

နောက်ပြီးသူက အနောက်နိုင်ငံတွေဟာ တိုင်းပြည်တပြည်ရဲ့ ဒီမိုကရေစီရေး အတွက် ဆိုပြီး ဝင်တိုက်တာ၊ အမှားတွေကျူးလွန်တာ အကြိမ်ကြိမ် ရှိနေပြီဖြစ်ကြောင်း ပြောပါတယ်။

သူပုန်တွေဟာ ကမ်းခြေ မြို့တွေကို သိမ်းပိုက်လာနေရာ အခု ရာဇလာနုဖ် မြို့ကို သိမ်းယူ လိုက်တာဟာ နောက်ဆုံးဖြစ်ရပ်ပါ။

ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ကတော့ လစ်ဗျားမှာ အပစ်အခတ် ရပ်စဲမှုတွေ လုပ်ဖို့ တောင်းဆိုလိုက်ပြီး၊ လစ်ဗျား အကျပ်အတည်းကို ဖြေရှင်းရေးအတွက် နိုင်ငံတကာ အသိုင်း အဝိုင်း အနေနဲ့ ချက်ချင်း တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ်။

အရပ်သားတွေ လုံခြုံရေးအတွက် သူ့အနေနဲ့ စိုးရိမ်ကြောင်းကိုလည်း ပုပ်ရဟန်းမင်းကြီးက ရောမမြို့ တနင်္ဂနွေ ဆုတောင်းပွဲမှာ ပြောကြားသွားပါတယ်။