ဂျပန် နျူ​က​လီး​ယား အန္တရာယ်​နဲ့​ပတ်သက်​ပြီး​အစိုးရ​က​အမြင့်​ဆုံး​တပ်လှန့်ထား

  • 29 မတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption နျူးကလီးယားအန္တရာယ်

ဂျပန် နျူကလီးယား အန္တရာယ်နဲ့ ပတ်သက်ပြီး အစိုးရက အမြင့်ဆုံးအဆင့် တပ်လှန့်ထားလိုက်ပြီဆိုတော့ ဘယ်လောက်အန္တရာယ်ကြီးမားနေသလဲ ဘယ်လိုတားဆီးကာကွယ်နေကြသလဲ

စက်ရုံနားက မြေထဲမှာ ပလူတိုနီယံ နည်းနည်းပျော်ဝင်နေတာတွေ့ရပါတယ်။

ဒီလိုတွေ့ရတဲ့ အချက်က ဘာကို ညွှန်ပြနေသလဲ ဆိုတော့ ဓါတ်ပေါင်းဖိုတွေထဲက ဓါတ်ပေါင်းဖို တလုံးလုံးဟာ တစိတ်တဒေသ ပျော်ကျနေပြီ ဆိုတဲ့ သဘောပါ။

ဒီတော့ မျှော်လင့်မထားတာတွေ ရုတ်တရက်ဖြစ်ကောင်း ဖြစ်လာနိုင်တာမို့ ဂျပန် အစိုးရကို အမြင့်ဆုံးအဆင့် တပ်လှန့်ထားတယ်လို့ ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန်း က ပြောပါတယ်။

နျူကလီးယား အကြပ်အတည်းဟာ အကြီးဆုံးပြဿနာကြီးတခုဖြစ်ပြီး ဘယ်သူမှလည်း ဒီလို အတွေ့အကြံမျိုးရှိခဲ့ဖူးတာမဟုတ်ပါဘူး လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ရေဒီယို သတ္တိကြွနှုန်းသိပ်မြင့်မားနေတဲ့ ရေတွေဟာ ပြည့်လျှံနေတဲ့ ရေလွှတ်မြောင်းတွေက တဆင့် ပင်လယ်ထဲရောက်သွားမှာကို အားလုံးက အခုအချိန်မှာ စိုးရိမ်ပူပန် နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲသလို ရောက်သွားပြီလို့ ပြောနိုင်လောက်တဲ့ အထောက်အထားတော့ လုံးဝမရှိသေးပါဘူး။

ကယ်ဆယ်ရေးလုပ်သားတွေကတော့ သဲအိတ်တွေ ကွန်ကရစ်တုံးတွေအသုံးပြုပြီး ပင်လယ်ထဲကို ရောက်မသွားအောင်ကြိုးစားတားဆီးနေကြပါတယ်။

ဓါတ်သတ္တိကြွတဲ့ ရေကို တားဆီးရှင်းလင်းဖို့ ကြိုးစားနေကြတဲ့ တချိန်တည်းမှာပဲ ဓါတ်ပေါင်းဖိုတွေကို အအေးခံနိုင်ဖို့အတွက် ကလည်း ရေကို မဖြစ်မနေထပ်ပြီး သုံးစွဲနေရပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဓါတ်ပေါင်းဖိုနံပါတ်၂

ဓါတ်ပေါင်းဖို နံပါတ် ၂ နဲ့ ဆက်နေတဲ့ ရေထဲမှာတော့ ရေဒီယိုသတ္တိကြွဓါတ်ဟာ တနာရီကို ၁ဝဝဝ မီလီဆီးဗတ် ရှိနေကြောင်း တိုင်းတာတွေ့ရှိပါတယ်။ ဒီပမာဏဟာ နျူကလီးယား ဓါတ်ရောင်ခြည်ကြောင့် ဖျားနာနိုင်တဲ့ ပမာဏဖြစ်ပါတယ်။ ဓါတ်ပေါင်းဖို တစ်နဲ့ သုံး အနားကရေထဲက ဓါတ်သတ္တိကြွနှုန်းကတော့ ဒီ့ထက်နည်းပါတယ်။

ဒါပေမဲ့ ဓါတ်ရောင်ခြည်တွေ ဘယ်နေရာ ထွက်နေတယ်ဆိုတာကို အတိအကျ မပြောနိုင်တာဟာ အဓိကပြဿနာပါလို့ တက်ပ်ကို ကုမ္ပဏီက ပြောပါတယ်။

ဒါပေမဲ့ သီအိုရီ အရကတော့ ပလူတိုနီယံရော ရေဒီယိုသတ္တိကြွဓါတ်တွေရောဟာ လောင်စာချောင်း အရည်ပျော်ကျရာက ထွက်နေတာလို့ ယူဆကြပါတယ်။

နောက်ထပ် အခက်အခဲတခုက တက်ပ်ကို ကုမ္ပဏီက ထုတ်ပြန်ပေးနေတဲ့ သတင်းတွေကို ကယ်ဆယ်ရေး လုပ်သားတွေရော အများပြည်သူကပါ မယုံမကြည် ဖြစ်နေကြတဲ့ အချက်ပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ရေဒီယိုသတ္တိကြွနှုန်းကို မှားယွင်းကြေငြာခဲ့ပြီးနောက်ပိုင်းမှာ အဲဒီမယုံကြည်မှုဟာ တိုးမြင့်လာတာ ဖြစ်ပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရရဲ့ ဝန်ကြီးအဖွဲ့ရုံးဝန်ကြီး ယူကီယို အီဒါနိုးက မှန်ကန်တဲ့သတင်းအချက်အလက်မရဘဲ အစိုးရအဖွဲ့အနေနဲ့ မှန်ကန်တဲ့ ညွှန်ကြားမှု ပေးနိုင်မှာ မဟုတ်ကြောင်း ပြောပါတယ်။

တချိန်တည်းမှာပဲ လူပေါင်း တစ်သိန်းကိုးသောင်းဟာ ယာယီအမိုးအကာနဲ့ နေထိုင်ရဆဲဖြစ်ပြီး အစာ ရေနဲ့ လောင်စာအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်ကြိုးစားနေကြရဆဲဖြစ်ပါတယ်။