ပင်လယ်ထဲမှာ ဓါတ်ရောင်ခြည် အမြင့်ဆုံး ပါနေ

ဖူကူရှီးမား နျူကလီးယား စက်ရုံ အနီးက ပင်လယ်ပြင်မှာ ရေဒီယို သတ္တိကြွ အိုင်အိုဒင်း ဓါတ် ပျော်ဝင်မှု ကို အဆင့် အမြင့်ဆုံး တွေ့ရ ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂျပန် နျူကလီးယား အန္တရာယ် လုံခြုံရေး ဆိုင်ရာ အကြီး အကဲ

အာဏာပိုင်တွေ ဘက်ကတော့ အန္တရာယ် ဖြစ်လောက်အောင် မများဘူး လို့ပြောပါတယ်။

ပင်လယ်ပြင်ထဲက ရေသတ္တဝါ တွေရော အဲဒီ ရေသတ္တဝါ တွေ ကို စားသုံးကြသူတွေကိုပါ အန္တရာယ် မဖြစ်အောင် အာဏာပိုင်တွေက ပင်လယ်ပြင်ဘက် ကီလိုမီတာ ၂ဝ အတွင်း မှာ ငါးမမျှား ရ အမိန့် ထုတ်ထားပါတယ်။

စားသုံးသူ တွေက ဒီရေသတ္တဝါ တွေကို ပြန်လည် စားသုံးချိန်မှာ ရေဒီယို သတ္တိကြွ ဓါတ်တွေဟာ သိသိ သာသာ ရေပျော်ဝင်မှု ကြောင့် အားပျော့ နေပြီ လို့ ဂျပန် အာဏာပိုင် တွေက ပြောပါတယ်။

တကယ်တော့ ရေဒီယို သတ္တိကြွ အိုင်ဆိုတုပ် အိုင်အိုဒင်း ၁၃၁ ဟာ လူသားတွေကို အန္တရာယ် ဖြစ်စေနိုင် ပါတယ်။ အထူးသဖြင့် နုနယ်တဲ့ ကလေး အရွယ် တွေကိုပါ။

လည်ပင်းထဲက သိုင်းရွိုက် ဂလင်းထဲ မှာ ရေဒီယို သတ္တိကြွ အိုင်အိုဒင်းဓါတ် သွားစုတဲ့ အခါမှာ သိုင်းရွိုက် ကင်ဆာ ဖြစ်စေ နိုင်ပါတယ်။

ဒါကြောင့် တိုကျိုမြို့ နဲ့ တချို့ ဒေသ အာဏာပိုင် တွေက သောက် သုံးရေ ဖြန့်ဖြူးတဲ့ အထဲမှာ ရေဒီယို သတ္တိကြွ အိုင်အိုဒင်းဓါတ် ပျော်ဝင်မှု များ တာ တွေရလို့ အထူး သဖြင့် ကလေးငယ်တွေ ကို ဘုံဘိုင်ရေ မတိုက်မိဖို့ သတိ ပေးထား ပါတယ်။

ဂျပန် နျူကလီးယား လုပ်ငန်းဆိုင်ရာ အာဏာပိုင် တွေက ဒီရေဒီယို သတ္တိကြွ ဓါတ်တွေ ဘယ်ပုံ ဘယ်နည်း နဲ့ ပင်လယ်ရေထဲ ပျော်ဝင် သွားတယ်ဆိုတာ ကို အတိအကျ မသိကြောင်း ပြောပါတယ်။

ဖြစ်နိုင်ခြေ ကတော့ ဓါတ်ပေါင်းဖို တွေ အေးအောင် ပင်လယ်ရေတွေ သွင်းရာမှာ ရေဒီယို သတ္တိကြွ ဓါတ်တွေ ရောနှော ပျော်ဝင် သွားတယ်လို့ ခန့်မှန်းကြ ပါတယ်။

နောက်တချက် ကလည်း ဒီရေဒီယို သတ္တိကြွ ဓါတ်တွေ ဘယ်နေရာ ကနေ ပြန့်နှံ့သွား တယ်ဆိုတာကို အာဏာပိုင်တွေ ခန့်မှန်း မရအောင် ဖြစ်နေ ပါတယ်။ ဓါတ်ပေါင်းဖိုတွေ ကပဲ ထွက်တာလား၊ ဒါမှမဟုတ် သုံးပြီးသား လောင်စာချောင်း တွေကို သိုလှေင် ထားတဲ့ ရေကန်ထဲ ကပဲ ထွက်သလား၊ ဓါတ်ပေါင်းဖို ထဲမှာ ရှိတဲ့ လေဖိအား လျော့ကျအောင် အစောပိုင်း က လုပ်မိတဲ့ အတွက် ရေဒီယိုသတ္တိကြွ ဓါတ်တွေ ပြန့်နှံ့သွား သလားဆိုတာ အဖြေရှာ မရကြသေးပါဘူး။

ဒါကြောင်မို့ အာဏာပိုင်တွေ အနေနဲ့ ဓါတ်ပေါင်းဖိုတွေ အေးအောင် ဆက်လက် လုပ်နေရ တဲ့ တချိန်ထဲ မှာပဲ ဓါတ်ပေါင်းဖိုတွေ အောက်ခြေရှိ ရေဒီယို သတ္တိကြွ ရေတွေ ရှင်းထုတ် ပစ်နေရတဲ့ အတွက် စစ်မျက်နှာ နှစ်ခု ရင်ဆိုင်ရသလို ဖြစ်နေပါတယ်။

ဒီလုပ်ငန်းကလဲ မလွယ်ကူလှတာကြောင့် ရေဒီယို သတ္တိကြွ ပျော်ဝင် ရေတွေကို စုပ်ထုတ် ပစ်ပြီး သိုလှောင်တဲ့ ရေကန်ပဲ တူးမလား၊ ဒါမှမဟုတ် လှောင်ကန်ပါတဲ့ သင်္ဘော ပဲ သယ်လာပြီး ထည့်ထားရ မလား ဆိုတာကို အာဏာပိုင်တွေ စဉ်းစားနေကြ ပါတယ်။