Abidjan မြို့ထဲကို ဝါတာရာ တပ်တွေ ချီလာပြီ

  • 31 မတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption မီးခိုးလုံးတွေ ပြည့်နေတဲ့ အဘီဂျန်မြို့ မြင်ကွင်း

အိုင်ဗရီကိုးစ်နိုင်ငံမှာ သမတ အာဏာ ရယူဖို့ ကြိုးစားနေသူ နှစ်ယောက်ရဲ့ တပ်တွေကြား တိုက်ပွဲတွေ အပြင်းထန်ဆုံး အနေအထားကို ရောက်နေပါတယ်။

အဓိက မြို့ကြီးဖြစ်တဲ့ အဘီဂျန်မြို့က အစိုးရ ရုပ်မြင်သံကြား ဌာနချုပ် အနီးတဝိုက်မှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေက လေဆိပ်ကို သိမ်းပိုက်ထားပြီး အဘီဂျန် မြို့လယ်ကို အဲလက်ဆန် ဝါတာရာကို ထောက်ခံတဲ့ တပ်တွေ ချီတက်လာပြီလို့ ဆိုပါတယ်။

မစ္စတာ ဝါတာရာဟာ နိုဝင်ဘာလ တုန်းက သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ အဖြစ် နိုင်ငံတကာက အသိအမှတ် ပြုခံထားရသူ ဖြစ်ပြီး လက်ရှိ သမ္မတ လောရင့် ဘက်ဘိုက ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ရာထူးက ဆင်းပေးဖို့ ငြင်းဆန် နေတာ ဖြစ်ပါတယ်။

မစ္စတာဘက်ဘိုကို သစ္စာခံနေတဲ့ စစ်တပ် အကြီးအကဲလဲ ထွက်ပြေးသွားပြီလို့ သိရပါတယ်။

မစ္စတာ ဘက်ဘိုက သမ္မတ သက်တမ်းကုန်တဲ့ အထိ အုပ်ချုပ်သွားမှာ ဖြစ်ပြီး အာဏာလွှဲပေးမှာ မဟုတ်ဘူး ၊ သူတို့တပ်တွေက ဆက်လက် တိုက်ပွဲဝင် သွားမှာ ဖြစ်တယ်လို့ ဘက်ဘိုရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

တမြို့လုံးမှာလည်း ခိုးဆိုး လုယက်မှုတွေ ဖြစ်ပွားနေတယ်လို့ သတင်းရရှိ ပါတယ်။