လစ်ဗျား နိုင်ငံခြား ဝန်ကြီး ဗြိတိန်ကို ပြေးဝင်ခိုလှုံ

  • 31 မတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံခြားရေး ဝန်ကြီး မူဆာ ကူဆာ

လစ်ဗျားနိုင်ငံခြားရေး ဝန်ကြီး Moussa Koussa ဟာ မထင်မှတ်ဘဲ ဗြိတိန်ကို ရောက်လာပြီး သူ့ရဲ့ လက်ရှိရာထူးက နှုတ်ထွက်လိုက်ပြီလို့ ပြောပါတယ်။

လစ်ဗျားအစိုးရထဲမှာ အဓိက အရေးပါတဲ့ ရာထူးက ယူထားတဲ့ မစ္စတာ ကိုဆာဟာ ပုဂ္ဂလိက လေယာဉ်နဲ့ တူနီးရှားနိုင်ငံကို သွားရာက အပြန် ခရီးမှာ ဗြိတိန်ကိုရောက်လာတာ ဖြစ်ပြီး လန်ဒန် အရောက်မှာ နာရီ အတော်ကြာ မေးမြန်းခံ ခဲ့ရပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီ လက်အောက်ကနေ ရုန်းထွက်ဖို့ လစ်ဗျားအစိုးရ အဖွဲ့ထဲက တခြား အဆင့်မြင့် အရာရှိတွေကို တွန်းအား ပေးချင်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ဆိုပြီး လစ်ဗျားမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာမှာကို ကြိုဆိုတယ်လို့ ဆိုပါတယ်။

လစ်ဗျားမှာ အစိုးရ တပ်ဖွဲ့တွေရဲ့ ကြံ့ကြံ့ခံ ထိုးစစ်ဆင်နေမှုကြောင့် ဆက်လက် ဆုတ်ခွာပြေးနေရတယ်လို့ အစိုးရ ဆန့်ကျင်တဲ့ တိုက်ခိုက်ရေး သမားတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption Brega မြို့ကနေ ဆုတ်ခွာ ပြေးခဲ့ရတဲ့ တိုက်ခိုက်ရေး သမားတွေ

သူတို့ဟာ မြေထဲပင်လယ် ကမ်းရိုးတမ်း တလျှောက်က တခြားမြို့တွေကို အရင်ရက်တွေတုန်းက စွန့်လွှတ်ခဲ့ရပြီး အခုလည်း ရေနံထွက်ရှိရာ Brega မြို့ ကနေ စွန့်ခွာပြေးခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်အတွင်း နိုင်ငံတကာ တပ်ဖွဲ့တွေရဲ့ လေကြောင်းက တိုက်ခိုက်မှု နည်းသွားတာကြောင့် အစိုးရတပ်ဖွဲ့တွေက အသာရသွားတာဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီတပ်တွေက နိုင်ငံတကာ တပ်ဖွဲ့တွေရဲ့ စစ်လေယာဉ်တွေ ကနေ ခြေရာခံလို့ မရနိုင်အောင် အမိုးပွင့် ကုန်တင်ကားပေါ်မှာ လက်နက်ကြီး တွေ တင်ပြီး စတင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Tripoli မြို့က ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

လစ်ဗျားက အစိုးရ ဆန့်ကျင်ရေးတပ်ဖွဲ့တွေကို အမေရိကန် ပြည်ထောင်စုက ပြောင်းလဲ ထောက်ခံဖို့ သမ္မတ အိုဘားမားက အတည်ပြုလိုက်ပြီ ဆိုတဲ့ သတင်းကို အိမ်ဖြူတော်က မှတ်ချက်ပေးဖို့ ငြင်းပယ်ခဲ့ပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ တိုက်ခိုက်ရေး သမားတွေကို လက်နက် ထောက်ပံ့ပေးဖို့ သူစဉ်းစားနေပြီ လို့သာ မစ္စတာ အိုဘားမားက ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ် သုံးပတ်လောက်တုန်းက လျှို့ဝှက် အကူအညီ ပေးရေး ဆိုင်ရာ သမ္မတရဲ့ အဆုံးအဖြတ်ကို လက်မှတ် ထိုးပေး လိုက်ပြီ လို့ ရိုက်တာ သတင်းက ဆိုပါတယ်။

တကယ်တော့ လစ်ဗျားမှာ အစိုးရ တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေက ဆက်လက် ဆုတ်ခွာပြေးနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် a
Image caption ရေနံချက် စက်ရုံကို စောင့်ကြပ်နေ

လစ်ဗျားနိုင်ငံမှာ ရှိတဲ့ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေဆီက ရေနံဝယ်ယူတဲ့ နိုင်ငံခြား ရေနံကုမ္ပဏီကြီးတွေကို တရားစွဲမယ်လို့ လစ်ဗျား အစိုး၇ ပြောပါတယ်။

လက်နက်ကိုင် တိုက်ပွဲဝင်နိုင်ဖို့ လာမယ့် သီတင်းပတ်အတွင်း အစိုး၇ဆန့်ကျင်တဲ့ တိုက်ခိုက်ရေး သမားတွေက စပြီး ရေနံထုတ်ဖို့ မျှော်လင့် နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အရင်တုန်းက သူတို့ သိမ်းပိုက်ထားတဲ့ ရေနံထွက်ရာမြို့တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကဒါဖီတပ်တွေရဲ့ ထိုးစစ်ကြောင့် တပ်ဆုတ် ပေးခဲ့ရပါတယ်။

ပင်လယ်ကွေ့က ကာတာနိုင်ငံက သူတို့ထုတ်တဲ့ ရေနံတွေကို စျေးကွက်မှာ တင်ပို့ရောင်းဖို့ အကူအညီပေးမယ်လို့ သိရပါတယ်။