အိုင်ဗရီကို့စ်မှာ တိုက်ပွဲတွေ ပြင်းထန်

  • 1 ဧပြီ 2011
Abidjan fighting ဓာတ်ပုံ မူပိုင် AP
Image caption မြို့ထဲအထိ တိုက်ပွဲတွေ ဖြစ်နေ

အာဖရိက မြောက်ပိုင်းက လစ်ဗျားမှာ ကဒါဖီတပ်တွေနဲ့ သူပုန်တွေ တိုက်နေချိန်မှာပဲ အာဖရိက အရှေ့ပိုင်းက အိုင်ဗရီကို့စ်မှာလဲ အပြိုင်သမ္မတ နှစ်ယောက်ရဲ့ တပ်တွေ အပြင်းအထန် တိုက်နေကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အလက်ဆန် ဝါတာရာရဲ့ တပ်တွေက ရာထူးက ဆင်းပေးဖို့ ငြင်းနေတဲ့ လောရင့် ဘက်ဂဘိုရဲ့ တပ်တွေကို တိုက်ထုတ်ပြီး သမ္မတ နှစ်ဦးရှိနေတဲ့ အဓိကမြို့ကြီး ဖြစ်တဲ့ အဘိဂျန်မြို့ကို လာဝိုင်းနေကြပါပြီ။ မြို့တွင်းက အသံလွှင့်ရုံနားမှာလဲ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အဘိဂျန်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်တွေက အဘိဂျန်မြို့လေဆိပ်ကို သိမ်းထားလိုက်ပါတယ်။

ဒီဇင်ဘာလကတည်းက မစ္စတာဝါတရာရှိနေရာ ဟိုတယ်ကို ဝိုင်းထားတဲ့ လောရင့်ဘက်ဂဘိုရဲ့ တပ်တွေထဲကလည်း ဖက်ပြောင်းလာနေကြပြီလို့ သိရတယ်။ အဲဒီထဲမှာ မစ္စတာဘက်ဂဘိုရဲ့ တပ်မှုး ဗိုလ်ချုပ်ကြီးတဦးလည်း ပါပါတယ်၊ သူက မိသားစုနဲ့ အတူ အခု တောင်အာဖရိက သံရုံးထဲ ဝင်ခိုလှုံနေပြီး စစ်ရဲတပ်ရဲ့ ဒုတိယတပ်မှုးကတော့ အလာဆန် ဝါတာရာတပ်တွေနဲ့ လာပေါင်းခဲ့ပါတယ်။ မစ္စတာ ဝါတာရာက ကျန်တဲ့ တပ်သားတွေလည်း ဘက်ပြောင်းခဲ့ဖို့ ရုပ်မြင်သံကြားက ဖိတ်ခေါ်ခဲ့ပါတယ်။

ကာဖျူးထုတ်ထား

ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂတပ်ဖွဲ့တွေလဲ အသင့်အနေအထားမှာ

မစ္စတာဝါတာရာက အဘိဂျန်မြို့မှာ ကြာသပတေးနေ့ကစပြီး တနင်္ဂနွေနေ့အထိ ည ၉ နာရိက မနက် ၆ နာရီအထိ အပြင်မထွက်ဖို့ တားမြစ်ထားလိုက်ပြီး လေကြောင်း၊ ရေကြောင်း သွားလာမှုတွေ အပြင်ထွက်မှုတွေ တားမြစ် ကာဖျူးထုတ်ထားလိုက်ပါတယ်။

အဘိဂျန်မြို့ထဲမှာလည်း လုယက်မှုတွေ နေရာအတော်များများမှာ ဖြစ်ခဲ့တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

လောရင့်ဘက်ဂဘို ကတော့ ရာထူးက ဘယ်လိုမှ မဆင်းဘူးလို့ တင်းခံနေဆဲပါ၊ ဒါပေမယ့် အခု အခြေအနေအတိုင်းကတော့ သူ့အတွက် အခြေအနေက မပေးတော့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကြောင့် အိုင်ဗရီကို့စ်ရဲ့ စီးပွားရေးဟာ အကြီးအကျဈ် အထိနာနေပြီး ဘဏ်တွေလည်း ပိတ်ထားတာ တလ ကျော်ခဲ့ပါပြီ။ တိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ အိမ်နီးချင်း လိုင်ဘေးရီးယားနဲ့ ဂါနာ နိုင်ငံတွေထဲ ထွက်ပြေးခဲ့ကြလို့ ဒေသတွင်း တည်ငြိမ်မှုတွေ ပျက်ပြီး နိုင်ငံတွေ အားလုံးရဲ့ စီးပွားရေး ထိခိုက်လာနိုင်တယ်လို့ နိုင်ငံတကာငွေကြေးရံပုံငွေ အဖွဲ့ IMF ကလည်း သတိပေးထားပါတယ်။