လစ်ဗျား အစိုးရ အဖွဲ့အတွင်း အစိတ်စိတ် အမွှာမွှာ ဖြစ်နေ

  • 1 ဧပြီ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption မနေ့က ထွက်ပြေးလာတဲ့ လစ်ဗျား နိုင်ငံခြားရေး ဝန်ကြီး Moussa Koussa

လစ်ဗျားကနေ ထွက်ပြေးလာတဲ့ ကဒါဖီနဲ့ နီးစပ်တဲ့ အကြံပေးပုဂ္ဂိုလ် တော်တော် များများပါတဲ့ အဖွဲ့ဟာ တူနီးရှား နိုင်ငံကနေ တတိယ နိုင်ငံတခုကို ထွက်ခွာဖို့ လေယာဉ် စောင့်နေတယ်လို့ တူနီးရှားက လာတဲ့ သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက လစ်ဗျား နိုင်ငံခြားရေး ဝန်ကြီး မူဆာကူဆာ ဗြိတိန်ကို ထွက်ပြေးလာခဲ့ပြီးတဲ့နောက် အခုလို ဖြစ်ခဲ့တာပါ။

အခုပြေးလာတဲ့ အဖွဲ့ထဲမှာ ရေနံဝန်ကြီး ၊ စုံစမ်းထောက်လှမ်းရေး ဝန်ကြီးနဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးတို့ ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီရဲ့ အုပ်ချုပ်ရေး အဖွဲ့အတွင်းမှာ စိတ်ဝမ်း ကွဲပြားမှုတွေ ဖြစ်နေပြီး မကြာခင် ပြိုကွဲတော့မယ်လို့ အစောပိုင်းတုန်းက ဗြိတိသျှ အစိုးရက ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး Mike Mullen

လစ်ဗျားမှာ နိုင်ငံတကာ တပ်တွေရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် ကဒါဖီစစ်တပ် အင်အား လေးပုံတပုံကို ဖျက်ဆီး နိုင်ခဲ့ပြီးပြီလို့ အမေရိကန် ထိပ်တန်း စစ်အရာရှိ ရေတပ် ဗိုလ်ချုပ်ကြီး မိုက်ခ်မူလန်က ပြောပါတယ်။

ဒါပေမယ့် ကဒါဖီရဲ့တပ်တွေဟာ ပြိုကွဲတော့မယ် အခြေအနေ ရောက်နေပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး ၊ သူတို့ဟာ အစိုးရ ဆန့်ကျင်တဲ့ တိုက်ခိုက်ရေး သမားတွေထက် ဆယ်ဆ တဆလောက် အင်အားသာ နေပါသေးတယ်လို့ ဗိုလ်ချုပ်ကြီး မူလန်က ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် ကတော့ အစိုးရ ဆန့်ကျင်တဲ့ တိုက်ခိုက်ရေး သမားတွေကို လေ့ကျင့်ပြီး လက်နက် တပ်ဆင်ပေးဖို့ လုပ်ရမယ် ဆိုရင် အမေရိကန်က မလုပ်ဘဲ တခြား နိုင်ငံ တခုခုက လုပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။