ဂျပန်မှာ သေဆုံးသူ တသောင်းကျော်

  • 1 ဧပြီ 2011
ဂျပန်မှာ သုံးရက်ကြာ ရှာဖွေရေးစတင် ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂျပန်မှာ သုံးရက်ကြာ ရှာဖွေရေးစတင်

ဂျပန်နိုင်ငံမှာ ငလျင်ဒဏ်နောက်ဆက်တွဲ နျူကလီးယားပြဿနာအရေး၊ လူတွေကို အန္တရာယ်ကင်းအောင် လုပ်ပေးမှုတွေက ရရှည်လုပ်ရမယ့် အနေအထား ရှိတယ်လို့ ဂျပန်အစိုးရပြောနေသလို တစ်ဘက်မှာလည်း ငလျင်တုန်း က ပျောက်ဆုံးသူတွေကို ရှာတွေ့ဖို့ အပြင်းအထန်ရှာဖွေမှု လုပ်ငန်း တွေကို ဒီနေ့ပဲ စတင်လိုက်ပြီလို့ ပြောပါတယ်။

ဂျပန်မှာ ပြင်းအား ၉ ရှိတဲ့ ငလျင်ကြီးလှုပ်ခဲ့တာ သုံးပတ်လောက် ကြာလာခဲ့ ပေမယ့် ဘယ်နှစ်ဦး သေဆုံးခဲ့တယ်ဆိုတာ အခုချိန်ထိ တိတိကျကျ မသိရ သေးပါဘူး။ လောလောဆယ်အချိန်ထိ လူပေါင်း ၁ သောင်း ၁ ထောင် ၅ ရာကျော် သေဆုံးတယ်လို့ အတည်ပြုနိုင်ပေမယ့် အတည်မပြုနိုင်သေးတဲ့ ပျောက်ဆုံးနေဆဲ နောက်ထပ် လူအရေအတွက်က ၁၆၅၀၀ နီးပါး ရှိပါတယ်။

အခုဆိုရင် ဂျပန်ရဲ့ အရှေ့မြောက် ကမ်းခြေမှာ ပျောက်ဆုံး သေဆုံးသူတွေကို ပြန်ရှာတွေ့ဖို့ ဂျပန်နဲ့ အမေရိကန် စစ်လေယာဉ် အစီး ၁၀၀ ကျော်နဲ့ သင်္ဘော ၆၅ စီးတို့ဟာ ဝေဟင်ကရော၊ ရေပြင်မှာပါ အပြင်းအထန် ရှာဖွေနေကြ ပါတယ်။ သုံးရက်တာ အပြင်းအထန်ရှာဖွေမှာပါ။ ဒီလို ရှာဖွေဖို့ စစ်သည် ၂၄၀၀၀ ကို တာဝန်ပေးထားပါတယ်။ သူတို့ ဟာ ငလျင်ကြောင့် ရေအောက် ရောက်သွားတဲ့ ကမ်းခြေတွေနဲ့ ပင်လယ်ဘက် ကို စီးသွားတဲ့ မြစ်ဝတွေမှာ အဓိက ရှာဖွေနေကြပါတယ်။

ဒါပေမယ့် ကမ်းခြေ တွေတလျောက်နဲ့ ရေ အောက်ကြမ်းပြင်တွေ၊ ရွံ့ညွန်တွေမှာလည်း အပျက် အစီးတွေ၊ အထူး သဖြင့် အိမ်တွေ၊ ကားတွေ၊ ရထားတွေ ၊ သင်္ဘာတွေ ရဲ့ အပျက်အစီးပုံတွေက မရှင်းနိုင်သေးလို့ ရှာဖွေရေးမှာ အခက်အခဲတွေတော့ ရှိနေပါသေးတယ်။ ဒါပေမယ့် ဖူကူရှီးမားနျူကလီးယား ဓာတ်အားပေး စက်ရုံနဲ့ ၁၂ မိုင်ပတ် လည်ဖြစ်တဲ့ ဓာတ်ရောင်ခြည် အန္တရာယ်ဇုံ အတွင်းမှာ တော့ ရှာဖွေမှုတွေ မလုပ်နိုင် သေးပါဘူး။

အဲဒီဒေသမှာလည်း လူ ၁၀၀၀ လောက်ရဲ့ အလောင်း တွေ ရှိနေဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီဒေသက လူပေါင်း ၇ သောင်း ကျော်ကိုလည်း ဘေးလွတ်ရာ ဒေသက ကယ်ဆယ်ရေးစခန်းတွေမှာ ခေါ်ယူ ထားရသလို ဒီအန္တရာယ်ဇုံရဲ့ အပြင်ဘက်က ၆ မိုင်ပတ်လည် အတွင်းက လူ တစ်သိန်းခွဲနီးပါးကိုလည်း ဖြစ်နိုင်ရင် အဲဒီဘက်မှာ မနေကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ အခုနောက်ဆုံးအခြေအနေမှာတော့ ဓာတ်ရောင် ခြည်ဟာ ဒီဇုံတွေရဲ့ အပြင်ဘက်မှာတောင် တွေ့နေရလို့ အမေရိကန်နဲ့ နိုင်ငံတကာအနုမြူစွမ်း အင်အေဂျင်စီတွေက အန္တရာယ်ဇုံကို တိုးချဲ့သတ်မှတ်ဖို့ တိုက်တွန်းမှုတွေတောင် လုပ်နေကြေပြီ ဖြစ်ပါတယ်။