လစ်ဗျားအတိုက်အခံတွေကြောင့် မှားယွင်းပစ်ခတ်

  • 3 ဧပြီ 2011

နေတိုးတပ်ဖွဲ့တွေဟာ လေကြောင်းကနေ လစ်ဗျား အတိုက်အခံတပ်ဖွဲ့တွေကို သောကြာနေ့က မှားယွင်းပစ်ခတ်ခဲ့တာဟာ အတိုက်အခံ တပ်ဖွဲ့တွေရဲ့ စည်းမဲ့ ကမ်းမဲ့ လေထဲကို ပစ်ခတ်မှုတွေကြောင့် ဖြစ်ရတယ်ဆိုတာကို အတိုက်အခံတပ်ဖွဲ့ ခေါင်းဆောင်တွေက လက်ခံလိုက်ပါပြီ။

ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption အပျော်တန်း တပ်ဖွဲ့တွေရဲ့ အမှားဖြစ်တာ ကြောင့် နေတိုးတပ်ဖွဲ့ကို အပြစ်ပြောစရာ မရှိ

နေတိုးတပ်ဖွဲ့တွေရဲ့ လေကြောင်းက မှားယွင်း ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံး သွားခဲ့ရပါတယ်။

အတိုက်အခံတို့ရဲ့ အသွင်းကူပြောင်းရေး အမျိုးသားကောင်စီ ဥက္ကဌ ကတော့ ဒီဖြစ်ရပ် ဟာ အပျော်တန်း တပ်ဖွဲ့တွေရဲ့ အမှားသာ ဖြစ်ပြီး၊ နေတိုးတပ်ဖွဲ့ကို အပြစ် ပြောစရာ မရှိဘူးလို့ ဆိုပါတယ်။

အခုတော့ အတိုက်အခံတွေဟာ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရှေ့တန်းနေရာအနီးမှာ လမ်းတွေကို ပိတ်ထားလိုက်ပြီး၊ သင်တန်းတချို့ပေးထား တဲ့ စစ်သားတွေ ကိုသာ တိုက်ပွဲအတွက် သွားခွင့် ပြုထားပါတယ်။

အတိုက်အခံ တပ်ဖွဲ့တွေဟာ ရေနံချက်စက်ရုံရှိတဲ့ နိုင်ငံအရှေ့ပိုင်း ဘရီဂါမြို့ကို ထိန်းချုပ်နိုင် ရေး အတွက် ဆက်လက်တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။

လစ်ဗျားဝန်ကြီးဟောင်းကို မေးမြန်း

ဓာတ်ပုံ မူပိုင် Reuters
Image caption လုံခြုံစိတ်ချရတဲ့ တနေရာမှာ သူ့ကို တာဝန်ရှိသူတွေ က မေးမြန်းမှုတွေ ပြုလုပ်နေ

လစ်ဗျားနိုင်ငံကနေ ထွက်ပြေးလာပြီး၊ ဗြိတိန် နိုင်ငံကို အရင်အပတ်ကရောက်ရှိလာတဲ့ လစ်ဗျား နိုင်ငံခြားရေး ဝန်ကြီဟောင်း မူဆာ ကူဆာကို တရား မရင်ဆိုင်ရအောင် အကာ အကွယ်ပေးဖို့ အပေးအယူ လုပ်ခဲ့တယ် ဆိုတာ မဟုတ်ကြောင်း ဗြိတိသျှအစိုးရက ပြောကြား လိုက်ပါတယ်။

ဗြိုတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိတ်က မစ္စတာကူဆာကို အကျယ်ချုပ်ချထားတာမျိုး မလုပ်ထားကြောင်း၊ ဒါပေမယ့် လုံခြုံစိတ်ချရတဲ့ တနေရာမှာ သူ့ကို တာဝန်ရှိသူတွေက မေးမြန်းမှုတွေ လုပ်နေကြောင်း ပြောပါတယ်။

လစ်ဗျားအစိုးရရဲ့ အတိတ်က လုပ်ရပ်တွေနဲ့ပတ်သက်ပြီး၊ မစ္စတာ ကူဆာကို တရား စွဲဆိုမှု မလုပ်ရအောင် ဗြိတိန်အစိုးရက အကာအကွယ် ပေးနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ သတင်း မီဒီယာတွေကနေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

စကော့တလန် အမှုလိုက်ရှေ့နေတွေကတော့ လောကာဘီ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး မစ္စတာ ကူဆာကို မေးမြန်းချင်ပါတယ်လို့ ပြောပါတယ်။

ကဒါဖီကို သက်ညှာခွင့်ပေးပါ

Image caption ဗိုလ်မှူးကြီးကဒါဖီကို နိုင်ငံတခုခုမှာ ကောင်းကောင်း မွန်မွန် ခိုလှုံခွင့်ပေးလိုက်ပါ

တောင်အာဖရိက ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကတော့ ဗိုလ်မှူးကြီးကဒါဖီကို တခြားနိုင်ငံတခုခုမှာ ကောင်းကောင်းမွန်မွန် ခိုလှုံခွင့်ပေးပြီး၊ လစ်ဗျားမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေ အလျင်အမြန် အဆုံးသတ်ဖို့ကို တောင်းဆို လိုက်ပါတယ်။

ကမ္ဘာ့စံထားချက်တွေအရ လစ်ဗျားခေါင်းဆောင် ကို ခုံရုံးတင်သင့်တာ မှန်ကြောင်း၊ ဒါပေမဲ့လည်း တကယ့်လက်တွေ့ အနေနဲ့ကတော့ လူတွေရဲ့ အသက်ကို တတ်နိုင်သမျှ ကယ်နိုင်ဖို့ရာ သူ့ကို အေးအေးဆေးဆေး ပေးဆင်းလိုက်တာ ပိုကောင်း တယ်လို့ ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ဘီဘီစီကို ပြောပါတယ်။

တောင်အာဖရိကနိုင်ငံဟာ လစ်ဗျားကို စစ်ရေးအရ ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အတွက် ထောက်ခံမဲ ပေးခဲ့တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

ဒါပေမယ်လို့ အခုလို လေကြောင်းကနေ တိုက်ခိုက်နေတာတွေကိုတော့ သူတို့က ဝေဖန်ခဲ့ ပါတယ်။