အိုင်​ဗ​ရီ​ကို့စ်​ မှာ ဒုက္ခရောက်​ရ​ရှာ​တဲ့ အရပ်သား​တွေ

  • 5 ဧပြီ 2011
အလာဆန်ဝါတာရာကိုသစ္စာခံတဲ့စစ်သားတွေ ဓာတ်ပုံ မူပိုင် BBC World Service
Image caption အလာဆန်ဝါတာရာကိုသစ္စာခံတဲ့စစ်သားတွေ

အခု အိုင်ဗရီကို့စ်မှာ ဖြစ်နေတဲ့ ပဋိပက္ခက ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာ ထားတဲ့ အလာဆန် ဝါတာရာကို ထောက်ခံသူ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေတဲ့ လက်ရှိ သမ္မတ လောရန့်ဘတ်ဘို ရဲ့ တပ်ဖွဲ့တွေ ကြားမှာ ဖြစ်ပွား နေတာပါ။

အခုတော့ အပစ်အခတ်ရပ်စဲဖို့၊ လက်နက်ချဖို့ သမ္မတ လောရန့် ဘတ်ဘို ဘက်က ကမ်းလှမ်း လိုက်ပေမယ့် တနင်္လာနေ့ည ကဆိုရင် အာဘီဂျန် မြို့မှာ တညလုံးတိုက်ပွဲ ဖြစ်ပွား ခဲ့ ပါတယ်။

မြို့ခံတွေရဲ့ ပြောပြချက် အရ မိုးကောင်းကင်ပေါ်မှာ ဟယ်လီကော့ပတာ တွေ အများကြီး ပျံဝဲ နေကြပြီး တညလုံးပဲ သဲကြီးမဲကြီး ပစ်ခတ်နေကြတဲ့ အသံတွေကိုလည်း ကြား ခဲ့ ရတယ် လို့ ဆိုပါတယ်။

တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်နေတဲ့ နေရာက သမ္မတ လောရန့် ဘတ်ဘို ရဲ့ နေအိမ် နဲ့ သမ္မတ ရုံးခန်းနား ပတ်ဝန်းကျင်မှာပါ။

သမ္မတ အိမ် အနီးအနား က အရပ်သား တယောက် ကတော့ နံနက်ငါးနာရီ လောက်မှာ ပစ်ခတ်သံတွေ ကြားရတယ် လို့ ဆိုပါတယ်။

လမ်းတွေ ပေါ်မှာ စစ်သားတွေ ရှိနေတဲ့ အတွက် အရပ်သားတွေဟာ လမ်းပေါ် မထွက်ရဲ ကြပါဘူး။

နှစ်ဘက် စစ်သားတွေရဲ့ တိုက်ပွဲကြားမှာ ကြားညပ် သွားမှာကို ကြောက်နေ ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုံးက ဒူးအက်ဂွေ မှာ ဒီလိုပဲ နှစ်ဘက် စစ်တပ်ကြားမှာ ကြားညပ် ပြီး လူပေါင်း ၈ဝဝ ကျော် ဒါမှမဟုတ် တချို့ ပြောကြားချက်တွေအရ ၁၀၀၀ လောက် သေဆုံးခဲ့ကြ တယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် အရပ်သားတွေဟာ ကြောက်ရွံ့ နေကြ ပါတယ်။

အလာဆန် ဝါတာရာ ရဲ့တပ်ဖွဲ့တွေ ကတော့ အဲဒီ သေဆုံး ခဲ့ကြရသူတွေဟာ တိုက်ပွဲမှာ ပစ်ခတ် နေကြတဲ့ ကြားထဲ ရောက်ပြီး သေဆုံးခဲ့ ကြရတာလို့ ပြောပါတယ်။

ဒါပေမဲ့ အဲဒီ သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အခု ဒူးအက်ဂွေ မှာ ရောက်နေတဲ့ ကုလသမဂ္ဂက အရာရှိ ရူးပတ် ကိုဗေးလ် က သူ့ တွေ့ရှိချက်တွေအရ အရပ်သား တွေဟာ တမင် ရည်ရွယ်ပြီး သတ်ဖြတ်တာ ခံခဲ့ကြ ရကြောင်း အထောက် အထား တွေ တွေ့ရတယ် လို့ ဆိုပါတယ်။

အဲသလို သတ်ဖြတ်ကြတာဟာ နှစ်ဘက်စလုံးက စစ်တပ်တွေရဲ့ လက်ချက် ဖြစ်ကြပြီး စစ် ရာဇဝတ်မှု ပြစ်ဒဏ် ကျရောက် နိုင်တဲ့ လုပ်ရပ် တွေလို့လည်း ဆိုပါတယ်။