သမ္မတ အိမ်ကို သိမ်းလိုက်ပြီလို့ ဝါတာရာ ပြော

  • 5 ဧပြီ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ပွဲ ပြင်းထန်နေတဲ့ အာဘက်ဂျန်မြို့ မြင်ကွင်း

အိုင်ဗရီကိုးစ်နိုင်ငံ Abidjan အာဘက်ဂျန်မြို့က သမ္မတ အိမ်တော်ဝန်းထဲကို ပြင်သစ်နဲ့ ကုလသမဂ္ဂ တပ်တွေက ရဟတ်ယာဉ်တွေသုံးကာ တိုက်ခိုက်ခဲ့ ကြပါတယ်။

မနှစ်က ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ရာထူးက ဆင်းပေးဖို့ ငြင်းပယ်နေတဲ့ လောရင့်ဘက်ဘိုက အဲဒီ အိမ်တော်ဝန်းထဲမှာ နေထိုင်တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေကို ကာကွယ်ဖို့ ဖြစ်ပြီး မစ္စတာဘက်ဘို အပေါ် စစ်ကြေညာတာ မဟုတ်ပါဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

မစ္စတာ ဘက်ဘိုရဲ့ တပ်ဖွဲ့တွေက စက်သေနတ်ကြီးတွေ ၊ အမြှောက် ၊ မော်တာ ဒုံးကျည်တွေနဲ့ အရပ်သားတွေကို တိုးမြှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ တယ်လို့ သူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေက အိုင်ဗရီကိုးစ်မှာ ကုလသမဂ္ဂ သံအဖွဲ့က အရှိန်တိုး လုပ်ဆောင်တာကို ပြနေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အိုင်ဗရီကိုးစ်နိုင်ငံမှာ သမ္မတ လောရင့် ဘက်ဘိုကို ရာထူးက ဆင်းပေးအောင် နောက်ဆုံး ကြိုးပမ်းချက် အနေနဲ့ အပြင်းအထန် တိုက်ခိုက် နေတယ်လို့ မစ္စတာ ဘက်ဘိုရဲ့ ပြိုင်ဘက် အဲလက်ဆန် ဝါတာရာကို သစ္စာခံတဲ့ တပ်တွေက ပြောပါတယ်။

အိုင်ဗရီကိုးစ်နိုင်ငံ အာဘက်ဂျန်မြို့မှာ လောရင့်ဘက်ဘိုရဲ့ အိမ်ကို ဝိုင်းထားလိုက်ပြီလို့ သူ့ပြိုင်ဘက် အဲလက်ဆန် ဝါတာရာက ပြောပါတယ်။

မစ္စတာ ဘက်ဘို အဲဒီအိမ်မှာ ရှိ မရှိ မသေချာသေးဘူးလို့ မစ္စတာ ဝါတာရာရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပတ်ထရစ် အာချီက ဘီဘီစီကို ပြောပါတယ်။

အဲဒီနေရာ တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

မစ္စတာ ဘက်ဘိုဖက်က ပြောကြားချက်တွေ ထွက်မလာသေးပေမယ့် လန်ဒန်မှာရှိတဲ့ သူ့အကြံပေး ပုဂ္ဂိုလ်တွေက ဒီပြောကြားချက်ကို သံသယ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့လောရင့် ဘက်ဘိုက ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေတာ ဖြစ်ပြီး အဲလက်ဆန် ဝါတာရာကို ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် နိုင်ငံတကာက အသိအမှတ် ပြုထားတာ ဖြစ်ပါတယ်။

အာဘက်ဂျန်မြို့ ဆင်ခြေဖုံး အရပ်တွေမှာ မော်တော်ယာဉ် တန်းတွေက လက်နက် အပြည့်တပ်ဆင်ထားတဲ့ စစ်သားတွေကို တိုက်ပွဲဆီ ပို့ဆောင်ပေးနေပါတယ်။

ဒါပေမယ့် မစ္စတာ ဘက်ဘိုတပ်တွေကလည်း အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

သန်းနဲ့ချီတဲ့ အရပ်သားတွေက မြို့ပေါ်က တိုက်ပွဲထဲမှာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။