ဘက်ဘို လုံခြုံရေး အတွက် ဆက်လက် ဆွေးနွေး နေဆဲ

  • 6 ဧပြီ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ရှုံးပြီး အာဏာလွှဲမပေးတဲ့ ဘက်ဘိုနဲ့ နိုင်ပြီး သမ္မတ မဖြစ်သေးတဲ့ ဝါတာရာ

အိုင်ဗရီကိုးစ်နိုင်ငံက သမ္မတ အာဏာလုပွဲမှာ အရှုံးပေးလိုက်ရတဲ့ Laurent Gbagbo ရဲ့လုံခြုံရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင် နေပါတယ်။

မစ္စတာ ဘက်ဘိုဟာ Abidjan မြို့က သမ္မတ အိမ်ဝန်းထဲမှာရှိတဲ့ မြေအောက်ခန်းထဲမှာ ပုန်းအောင်း နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

သမ္မတ အိမ်တော်ဝန်းကို ဝိုင်းထားတဲ့ မစ္စတာ ဘက်ဘိုရဲ့ ပြိုင်ဘက် အဲလက်ဆန် ဝါတာရာ ရဲ့ တပ်တွေက ဆက်လက် နေရာယူထားဆဲ ဖြစ်ပါတယ်။

ပြင်သစ် ရုပ်မြင်သံကြား ဌာနတခုနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သူ့ကိုယ်သူ အိုင်ဗရီကိုးစ်နိုင်ငံ ရဲ့ တရားဝင် ရွေးကောက်တင်မြှောက် ခံထားရတဲ့ သမ္မတလို့ မစ္စတာ ဘက်ဘိုက အခိုင်အမာ ပြောကြားခဲ့ ပါတယ်။

မနှစ်က သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုတာ ခံထားရတဲ့ မစ္စတာ ဝါတာရာကတော့ မစ္စတာ ဘက်ဘို လက်နက်ချတာ ကလွဲလို့ ဘာမှမလိုချင်ဘူးလို့ ဆိုပါတယ်။

မစ္စတာဘက်ဘိုရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေက သူ့တပ်ဖွဲ့ဝင်တွေကို အပစ်အခတ် ရပ်ကြဖို့ ပန်ကြားလိုက်ပါတယ်။

သူတို့ဆီက လက်နက်တွေ သိမ်းပြီး သူတို့အတွက် လုံခြုံရေး စီစဉ်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

မစ္စတာ ဘက်ဘိုကို ထောက်ခံတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ဆက်လက် တိုက်ခိုက်မှုတွေ ရှိနေသေးတာကြောင့် သေနတ်သံတွေ ကြိုကြား ကြိုကြား ကြားနေရတုန်းဘဲလို့ သတင်းရ ရှိပါတယ်။

သူတို့ အရမ်းကြောက်ရွံ့ ထိတ်လန့်နေတယ်လို့ အရပ်သားတွေက ပြောကြောင်း အာဘဒ်ဂျန် မြို့ ဘီဘီစီ သတင်းထောက် ဆိုပါတယ်။

လူတွေ အစုလိုက် အဖွဲ့လိုက် ကလေးတွေ လက်တွေ လေထဲမြှောက်ပြီး မြို့ထဲကနေ ထွက်သွားနေကြပြီး လုံထိန်းလို ပြည်သူ့စစ် ဂိုဏ်းအဖွဲ့တွေက ခိုးဆိုးလုယက် တိုက်ခိုက် နေကြပြီး ဝရုန်းသုန်းကားနဲ့ အခြေအနေ ထိန်းမရအောင် ဖန်တီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။