အိုင်ဗရီကို့စ် သမ္မတအိမ်တော်ကို ဝင်စီးပြီ

  • 6 ဧပြီ 2011

အိုဗရီကို့စ်ခေါင်းဆောင် လောရန့် ဘက်ဘို လက်နက်ချရေး ဆွေးနွေးမှုတွေ ပျက်ပြားသွားခဲ့ပြီးနောက်မှာတော့ သူ့ကိုဆန့်ကျင်တဲ့ တပ်ဖွဲ့တွေဟာ မစ္စတာ ဘက်ဘို အိမ်ဝန်းကို ဝိုင်းထားရာကနေ အခုတော့ အိမ်ထဲကို ဝင်ရောက်ဖို့ တိုက်ခိုက်နေပါပြီ။

ဓာတ်ပုံ မူပိုင် AFP
Image caption အဓိကရည်မှန်းချက်ကတော့ မစ္စတာဘက်ဘို ကို ဖမ်းဖို့ဖြစ်တယ်လို့ အတိုက်အခံပြော

နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိ သူလို့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အလက်ဇန်း ဝပ်တရာ ကိုထောက်ခံတဲ့တပ်တွေ ဟာ ရှေ့တိုး ဝင်ရောက်နေတဲ့အတွက် ကြီးမားတဲ့ ပစ်ခတ်သံတွေ ကို ကြားနေရပါတယ်။

သူပုန်တွေဟာ အိမ်ထဲဝင်ရောက်ပြီး မစ္စတာ ဘက်ဘိုကိုဖမ်းဆီးမှာ ဖြစ်တယ်လို့ သူပုန်တွေက ပြောပါတယ်။

အခုလို လုပ်ရပ်တွေဟာ မစ္စတာ ဘက်ဘိုကို လုပ်ကြံဖို့ ကြိုးစားချက်တွေဖြစ်တယ်လို့ မစ္စတာဘက်ဘိုဘက်က ပြောပါတယ်။ ဒါပေမယ့်လို့ သူ့ကို အန္တရာယ် မပြုဖို့နဲ့ မသတ်မိဖို့ကို တင်းတင်းကြပ်ကြပ် ညွှန်ကြားထားတယ်လို့ မစ္စတာ ဝပ်တရာရဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အိုင်ဗရီကို့စ် နိုင်ငံမှာ နောက်ထပ် မတည်မငြိမ် မှုတွေ ထပ်ဖြစ်လာမှာကို စိုးတဲ့အတွက် မစ္စတာဘက်ဘိုကို ရန်မပြုကြဖို့ ကုလသမဂ္ဂ အဖွဲ့ကြီးက လိုလားနေတယ်လို့ အဘီဂျန်မြို့ နားမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် Andrew Hardings က ပြောပါတယ်။

မစ္စတာဘက်ဘို ဟာ ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၄၆ ရာခိုင်နှုန်း ရခဲ့တာမို့ သူ့ကို ထောက်ခံ သူတွေလည်း အခိုင်အမာ ရှိနေဆဲပဲလို့ ဆိုပါတယ်။ အခုအချိန်မှာတော့ သူ့ရဲ့တပ်ဖွဲ့ဝင် အများစုဟာ လက်နက်ချခဲ့ပြီး ဖြစ်ပါတယ်။

မစ္စတာဝပ်တရာ တပ်ဖွဲ့တွေကို ခုခံ တိုက်ခိုက်မယ့် တပ်ဖွဲ့ဝင် အရေအတွက် ဘယ်လောက် ရှိနေသေးလဲ ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။

မစ္စတာ ဘက်ဘိုဟာ ဧပြီလ ၁ ရက်နေ့က တခါ ၄ ရက်နေ့က တခါ ရာထူးကနေ ဆင်းပေး မယ်လို့ ပြောခဲ့ပြီးမှ ပြန်ရုပ်သိမ်း သွားခဲ့တယ်လို့ ပြင်သစ် စစ်ဦးစီးချုပ် Edourd Guillard ကပြောပါတယ်။

အခုတော့ မစ္စတာဘက်ဘို အနေနဲ့ လက်နက်ချ အညံ့ခံဖို့က လွဲလို့ တခြား ရွေးစရာလမ်း မရှိတော့ဘူးလို့ ပြောကြားသွားပါတယ်။