တရုတ်အနုပညာရှင် အိုင်ဝေဝေကို ရာဇဝတ်မှုနဲ့ စစ်ဆေးနေ

  • 7 ဧပြီ 2011

တရုတ်နိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အထင်ကရ အနုပညာရှင် အိုင်ဝေဝေ ဟာ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ သံသယနဲ့ အာဏာပိုင်တွေ က စုံးစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ငှက်သိုက် အားကစားကွင်း ဒီဇိုင်း ဆွဲတဲ့သူ၊ အစိုးရကို ဝေဖန်သူကတော့ အိုင်ဝေဝေပါ

အိုင်ဝေဝေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုံးက ဘေဂျင်း လေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး နောက် နိုင်ငံပိုင် သတင်းစာ ရှင်ဝှာ အနေနဲ့ သူ့နဲ့ပတ်သက်ပြီး နောက်ထပ် ဘာမှာ သတင်း ထုတ်ပြန်မှု မလုပ်ခဲ့ပါဘူး။

မစ္စတာ အိုင်ဝေဝေရဲ့ မိခင် ခွန်ယင်ကတော့ စီးပွား ရေးကိစ္စ အကြောင်းပြချက်နဲ့ သူ့သားကို ဖမ်းတယ်ဆိုတာနဲ့ပတ်သက်ပြီး မယုံကြည်နိုင် လောက်အောင် ဖြစ်ရကြောင်း ပြောပါတယ်။ အကြောင်းကတော့ သူ့သားမှာ ဘာစီးပွားရေး လုပ်ငန်းမှ မရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သူက ဘယ်လိုလူလဲ

အနုပညာရှင် အိုင်ဝေဝေဟာ တရုတ်ရဲ့ ခေတ်ပြိုင် အနုပညာ နယ်ပယ်မှာ အကျော်ကြားဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သလို၊ သူ့ရဲ့ ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ သာမက နိုင်ငံ တကာမှာလည်း နာမည်ကျော်တဲ့သူ ဖြစ်ပါတယ်။

သူဟာ အစိုးရကို ခပ်ပြင်းပြင်း ဝေဖန်သူ တဦး ဖြစ်တာကြောင့် သူ့ကို အခုလို ရာဇဝတ်မှုနဲ့ စစ်ဆေးနေတယ်လို့ တရုတ်အစိုးရက ပြောပေမယ့် အများကတော့ နိုင်ငံရေးအရ ဖမ်းဆီး တာလို့ ယုံကြည်ကြပါတယ်။

ဘေဂျင်းအိုလံပစ်မှာ ကမ္ဘာက နှစ်ခြိုက်အံ့သြစွာ မြင်လိုက်ရတဲ့ Bird's Nest ငှက်သိုက် အားကစားကွင်း အဆောက်အဦကြီးကို ဒီဇိုင်းဆွဲတဲ့ အဓိကလူတွေ အထဲမှာ သူ ပါဝင် ပါတယ်။

ဓာတ်ပုံ မူပိုင် ap
Image caption ဇနီးဖြစ်သူ လျူချင်ကတော့ အိုင်ဝေဝေဟာ အဖမ်းခံ ရမှာ သိနေတယ်လို့ဆို

သူ့ ဖန်တီးမှုတွေထဲမှာ နိုင်ငံရေးအရ ဖော်ညွှန်း ပြမှုတွေ ပါဝင်တဲ့ လက်ရာတွေလည်း အများ အပြားပါ။

အသက် ၅၃ နှစ်အရွယ် လူပုံ ဝဝ၊ မျက်နှာ ဝိုင်းဝိုင်း၊ မုတ်ဆိတ်မွှေး အရှည်ထားတတ်တဲ့ မစ္စတာအိုင်ဝေဝေရဲ့ ဖန်တီးဖော်ပြမှု တွေထဲမှာ လူပြောများတဲ့ တခုကတော့၊ လူအများအပြား သေဆုံးခဲ့ရတဲ့ ၂၀၀၈ ဇီချွမ် မြေငလျင်ကြီးမှာ စာသင်ကျောင်းတခု ပြိုကျလို့ ကျောင်းသူ ကျောင်းသားတွေ အများအပြား သေဆုံးခဲ့တဲ့ နောက်ပိုင်း သူလုပ်ခဲ့တဲ့ ဖန်တီးမှု တခုပါ။

အဲဒီ အချိန်က တရုတ်ဒေသခံ အများအပြားက ကျောင်းဆောင် ဆောက်လုပ်သူ အစိုးရ အရာရှိတွေ လာဘ်စားခဲ့တာကြောင့် ကျောင်းအဆောက်အဦဟာ ရှိရမယ့် ကြံ့ခိုင်ရေး မရှိ တာကြောင့် ပြိုကျခဲ့ရတာ ဖြစ်တယ်။ ဒါကြောင့် အခုလို ကလေးငယ်တွေ အသက်ဆုံးရတယ်လို့ မြင်ကြပါတယ်။

သမီးငယ် တဦးဆုံးပါးလိုက်ရတဲ့ မိခင်တဦးရဲ့ စကားဖြစ်တဲ့ သူဟာကမ္ဘာပေါ်မှာ ၇ နှစ်အထိ ပျော်ရွှင်စွာ နေခဲ့ပါတယ်ဆိုတဲ့ စကားကို ကျောင်းသူ ကျောင်းသားငယ်တွေ လွယ်တတ်တဲ့ ကျောင်းကျောပိုးအိတ်လေးတွေ အများအပြားနဲ့ ချိတ်စီ ပုံဖော်ခဲ့တာပါ။

နိုင်ငံရေးပါတဲ့ အနုပညာ

ဓာတ်ပုံ မူပိုင် bbc
Image caption တဦးချင်းရဲ့ ပါဝင်နေမှုကို မေးခွန်း ထုတ်တဲ့ နေကြာစေ့ ဖြန့်ခင်း ပြကွက်ပါ

တခါ လန်ဒန်မြို့က တိတ်မော်ဒန်ပြတိုက်မှာ လွန်ခဲ့တဲ့နှစ် အောက်တိုဘာအတွင်းမှ အခု အချိန်တိုင်အောင် ပြသထားတဲ့ သူ့အနုပညာ ပြကွက်ကတော့ နေကြာစေ့တွေကို ဘောလုံး ကွင်း တဝက်အရွယ် လောက်ရှိတဲ့ ကြမ်းပြင်မှာ ခပ်ထူထူ ဖြန့်ခင်း ပြထားတဲ့ ပြကွက်ပါ။

နေကြာစေ့ အရွယ်အတိုင်း ကြွေနဲ့လုပ်ပြီး အဲ့ဒီ နေကြာစေ့ပေါင်း အရေအတွက် သန်းတရာ ပြုလုပ်ပြီး အခုလို ခင်းကျင်း ပြသတာပါ။ သူက လူ့အသိုင်းအဝိုင်း အတွင်း တဦးချင်းရဲ့ ပါဝင်နေမှုကို မေးခွန်း ထုတ်တဲ့ ဖန်တီးမှုလို့ ဆိုပါတယ်။

ဒီလို ဖန်တီးမှုတွေကြောင့် တရုတ်အစိုးရက သူ့ကို မျက်ခြေပြတ် မခံပါဘူး။ နောက် သူဟာ လူ့အခွင့် အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရ ရှိရေး တွေ အတွက် တရုတ် အစိုးရကို လူသိရှင်ကြား ခပ်ရဲရဲ ခပ်ပြင်းပြင်း ဝေဖန် တိုက်ခိုက်သူလည်း ဖြစ်တဲ့အတွက် အစိုးရအရာရှိ တွေရဲ့ နှောင့်ယှက်မှုတွေကို အမြဲကြုံ နေရသူလည်း ဖြစ်ပါတယ်။

အခုလို သူ့ကိုဖမ်းဆီးတော့မှာကို သူ့အနေနဲ့ ကြိုတွေးထားတယ်လို့လည်း သူ့ရဲ့ဇနီးသည်က ပြောပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမျိုး တရုတ် အစိုးရ ပိုင်းက သူတို့နိုင်ငံမှာ မဖြစ်စေလိုတဲ့ အတွက် တရုတ်က လူ့အခွင့်အရေး ဆိုင်ရာ တက်ကြွသူရှေ့နေတွေ၊ ထင်ပေါ်တဲ့ လှုပ်ရှားဆောင်ရွက်သူတွေ အနည်းဆုံး ၂၅ ဦးလောက် ဖမ်းဆီးထားနေတဲ့ အခုအချိန်မှာ၊ အစိုးရကို အကျယ်လောင်ဆုံး ဝေဖန်တတ်တဲ့ သူ့ကို ဖမ်းတော့မယ် ဆိုတာကို သူသိနေခဲ့ပါတယ်။

အခု သူ့ကို စီးပွားရေး ရာဇဝတ်မှုနဲ့ စစ်ဆေးတယ်လို့ အစိုးရက ပြောနေပေမယ့် အများက တော့ နိုင်ငံရေးအရ သူ အကျဉ်းချ ခံထားရပြီလို့ပဲ မြင်ကြနေကြပါတယ်။