နေတိုးမှားပစ်လို့ လစ်ဗျားသူပုန်တွေသေ

  • 8 ဧပြီ 2011

ကြာသပတေးနေ့က လစ်ဗျားနိုင်ငံအရှေ့ပိုင်းက ဘရေဂါမြို့ဆီကို ချီတက်သွားတဲ့ သူပုန်တပ်တွေကို နေတိုးလေယာဉ်တွေက မှားယွင်းပြီး ပစ်ခတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရှေ့ကိုချီနေတဲ့ သူပုန်စစ်ကြောင်းကို နေတိုးက မှားပစ်

တကယ်တော့ အနားက အက်ဂျဒါဘီးယား မြို့ကနေ သူပုန်တွေက တင့်ကားတွေနဲ့ ချီတက်သွားတာပါ၊ ဒီလို ချီတက်မဲ့ အကြောင်းကိုလဲ နေတိုးတပ်တွေဖက်ကို အသိပေးထားပြီးသားပါလို့ သူပုန်တပ်မှုးတွေက ပြောပါတယ်။

ဒါပေမယ့် တနည်းနည်းနဲ့ နားလည်မှု လွဲခဲ့ပုံရပါတယ်။

နေတိုးလေယာဉ်တွေက အနဲဆုံး ဒုံးကျည်လေးလုံးကို သူပုန်တပ်တွေအပေါ် ပစ်ချခဲ့ပါတယ်။

သူပုန်တပ်တွေလဲ ကစဉ့်ကလျားနဲ့ အက်ဂျဒါဘီးယားမြို့ကို ပြန်ပြေးခဲ့ကြရပါတယ်။ ဘာကြောင့်ဒီလို မှားခဲ့ရတာလဲဆိုတာ မသိသေးပေမဲ့ သူပုန်တွေကြားမှာတော့ အကြီးအကျယ်ဒေါသထွက်နေကြတယ်လို့ ဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာ ဆူလေမန် ရာဖာဒီက ပြောပါတယ်။

"ကဒါဖီနဲ့ သူ့လူတွေကို တိုက်ရမဲ့ အစား ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေကို လာပြီးတိုက်နေတယ်။ ကျွန်တော်တို့ ရှေ့တန်းကို ပြန်တိုက်နိုင်အောင်လုပ်ပေးပါ၊ ကျွန်တော်တို့ကို မတိုက်ပါနဲ့"

ဆေးဖက်ဝန်ထမ်းတွေရဲ့ အပြောအရတော့ အခုတိုက်ခိုက်မှုကြောင့် အနဲဆုံး သူပုန်တပ်သား ၁၃ ယောက် သေခဲ့တယ်လို့ ဆိုပါတယ်။ သေတဲ့အထဲမှာ စစ်ကြောင်းနဲ့ လိုက်သွားတဲ့ လူနာတင်ယာဉ်ပေါ်က ဆေးဝန်ထမ်း တယောက်လဲ ပါတယ်လို့ ဆိုပါတယ်။ နေတိုးဖက်ကတော့ အခု ဖြစ်ပျက်မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ နေတိုးတပ်မှုး ဗိုလ်ချုပ်ကြီး Giampaolo Di Paola, ကတော့ စစ်ရေး အခြေအနေတွေ ရှုတ်ထွေးနေတာကြောင့် အမှားတွေ လုပ်မိနိုင်တယ်လို့ ပြောပါတယ်။

"လေယာဉ်ပေါ်က ကြည့်ရင် အောက်က လှုပ်ရှားနေတဲ့ တပ်တွေကို ခွဲခြားရတာ အရမ်းခက်ပါတယ်။ သူ့ဖက် ကိုယ့်ဖက်နေရာ သတ်မှတ်ထားတာလဲ မဟုတ်တော့ သဲကန္တာရထဲက တပ်တွေကို မကွဲပြားပဲ မှားပစ်မိတာတွေ ဖြစ်နိုင်ပါတယ်"

ဒါပေမယ့် အခုလို မှားပစ်မိတာ စစ်ပွဲတွေစချိန်ကဆိုရင် သုံးကြိမ်ရှိပါပြီ။ ဒါကြောင့် သူပုန်တွေဖက်ကလည်း နေတိုးဘာကြောင့် ဒါလောက် ခဏခဏ မှားနေတာလဲလို့ မေးခွန်းထုတ်နေကြပါတယ်။