ရွေးကောက်ပွဲ ပြီးလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ က မပြီးသေး

  • 8 ဧပြီ 2011
myanmar elections
Image caption ကြိုတင်မဲ လိုသလောက် ရတယ်လို့ နံမည်ကျော် ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ

လူ့အခွင့်အရေး မှတ်တမ်းတင် ကွန်ယက် (မြန်မာနိုင်ငံ) ND-Burma က မြန်မာ နိုင်ငံ က ရွေးကောက်ပွဲ တွင်း လူ့အခွင့် အရေး ချိုးဖောက်မှု တွေ ကို အစီရင်ခံစာ ထုတ်ပြန် ပြီး အခုကာလ တိုင်လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး မရပဲ ရှိနေ သေးကြောင်း ပြော ပါတယ်။

ND-Burma ရဲ့ စီမံခန့်ခွဲရေး ဘုတ် အဖွဲ့ဝင် နိုင်ဦးမွန် က လူမျိုးစု တိုင်းရင်းသား ပြည်နယ် တွေနဲ့ ရန်ကုန်တိုင်း၊ တနင်္သာရီ တိုင်း က ဒေသအချို့ ကို သူတို့ ရဲ့ စစ်တမ်း ကောက် အဖွဲ့ တွေ သွားရောက် ကောက်ယူပြီး ရွေးကောက်ပွဲ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၃၀၀ ကျော် ကို မှတ်တမ်းတင် နိုင်ခဲ့ တယ်။

အဲဒီ အထဲ က အခိုင်မာဆုံး မှတ်တမ်းတင် နိုင်တဲ့ ဖြစ်ရပ် ပေါင်း ၈၀ ကို အခု အစီရင်ခံစာ မှာ ဖော်ပြထား ပါတယ်။

ဒီလို ရွေးကောက်ပွဲ နဲ့ ပတ်သက် လို့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေထဲမှာ ခြိမ်းခြောက်ပြီး အာဏာပိုင်တွေ အကြိုက် နိုင်ငံရေးပါတီ ကို မဲထည့်ခိုင်း တဲ့ အဖြစ် က ဖြစ်ရပ် ၈၀ ထဲမှာ ၄၀ ကျော် အထိ ရှိနေတာ တွေ့ရ ပါတယ်။

အခု ရွေးကောက်ပွဲပြီး လို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တွေ စတင်နေပြီ လို့ လက်ရှိ အာဏာရ အစိုးရ က ဆိုနေပေမယ့် လက်တွေ့ မှာ လူ့အခွင့်အရေး အခြေအနေတွေ နေရာ အနှံ့ မှာ ဖောက်ဖျက် ခြင်း ခံနေရဆဲ ပဲလို့ နိုင်ဦးမွန် က ဘီဘီစီ ကို ပြောပါတယ်။