အမေရိကန် အစိုးရ လုပ်ငန်းတွေရပ်ရတော့မလား

  • 9 ဧပြီ 2011

အမေရိကန်မှာ လွှတ်တော် ၂ ရပ်က ခေါင်းဆောင်တွေ အစိုးရအသုံးစားရိတ် ဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားနေတာ သဘော မတူ နိုင်ခဲ့ရင် အမေရိကန် စံတော်ချိန် သောကြာနေ့ည သန်းခေါင်ယံက စပြီး အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတော့မှာပါ။

ဓာတ်ပုံ မူပိုင် Getty
Image caption ဘတ်ဂျက်မရှိလို့ အစိုးရ အလုပ်တွေ ရပ်ရနိုင်

သမ္မတ အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေက အများစုဖြစ်တဲ့ ဆီးနိတ် အထက်လွှတ်တော် နဲ့ အတိုက်အခံ ရီပတ်ဘလီကင်တွေ ကြီးစိုးတဲ့ ကွန်ဂရက်မှာ လွှတ်တော်အမတ်တွေက တဖက်နဲ့ တဖက် အပြစ်တင်နေကြပါတယ်။

အောက်လွှတ်တော် လူများစု ခေါင်းဆောင် ဂျွန်ဘိုနာက အခုပြဌာန်းမဲ့ ဥပဒေကြမ်းမှာ အမှန်တကယ်အသုံးစားရိတ်တွေ လျှော့မှာလားဆိုတာ အမေရိကန် လူထုကို အသိပေးဖို့လိုပါတယ်။ အိမ်ဖြူတော်က အစိုးရနဲ့ ဆိနိတ်က ဒီမိုကရက်တွေရဲ့ သဘောထားကို လူထု သိဖို့လိုပါတယ်လို့ ပြောပါတယ်။

အထက်လွှတ်တော် ခေါင်းဆောင် ဂျွန်ရိဒ်ကတော့ ရီပတ်ဘလီကင်တွေဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးတွေ ထိခိုက်စေလောက်တဲ့ အသုံးစားရိတ် ဖြတ်ချတာတွေ လုပ်ခိုင်းနေတယ်၊ သူကတော့ မလုပ်နိုင်ဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတအိုဘားမားက အမြန် သဘာတူကြဖို့ တိုက်တွန်း

တကယ်တော့ အမေရိကန်အစိုးရဟာ ၂၀၁၁ ခုနှစ် ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မကျလို့ အရေးပေါ် အစီအစဉ်တခုစီ ပြဌာန်းပြီး ရက်အကန့်အသတ်နဲ့ ရံပုံငွေ ရယူပြီး သွားနေတာ ရံပုံငွေတွေ ဆက်မရနိုင်တော့ပါဘူး။

ဧပြီလ ၈ ရက်နေ့ကတော့ ဥပဒေကြမ်းကို သဘောတူရမဲ့ နောက်ဆုံးရက်ပါ။ သဘောတူချက်မရရင် သန်းခေါင်အချိန်က စလို့ ဖက်ဒရယ်အစိုးရဝန်ထမ်း ရှစ်သိန်း အလုပ်မဆင်းရတော့ပါဘူး။ အရေးပေါ် လုပ်ငန်းတွေဖြစ်တဲ့ လုံခြုံရေး၊ ကာကွယ်ရေး ဝန်ထမ်းတွေကလွဲလို့ လုပ်ငန်းတွေ ရပ်မှာပါ။

အစိုးရ ဝန်ထမ်းတွေနဲ့ လည်ပတ်နေတဲ့ ပန်းခြံတွေ ပြတိုက်တွေလဲ ပိတ်မယ်၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာတွေ ဗီဇာထုတ်ပေးတာတွေ ရပ်မယ်။ အာဖဂန်နစ္စတန် နဲ့ လစ်ဗျားမှာ စစ်တိုက်နေတဲ့ စစ်သားတွေကတော့ ဆက်အလုပ်လုပ်ရမှာ ဖြစ်ပေမယ့် ဘတ်ဂျက်ဥပဒေ မပြဌာန်း နိုင်မချင်း သူတို့လဲ လစာ ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပါတီကြီး ၂ ခုစလုံးက အသုံးစားရိတ် လျှော့ရမယ်ဆိုတာ လက်ခံပါတယ်။ ရီပတ်ဘလီကင်တွေက ၆၁ ဘီလီယံအထိ လျှော့ချင်ပြီး ဒီမိုကရက်တွေကတော့ ပြီးခဲ့တဲ့ နှစ်ကထက် ၃၃ ဘီလီယံလျှော့ဖို့ သဘောတူခဲ့ပါတယ်။

ကြားထဲက လိုတဲ့ ငွေတွေကိုတော့ ညှိနေကြပါတယ်။ နှစ်ဖက်စလုံးကလဲ သူတို့ အဆိုဟာ တိုင်းပြည်အတွက် ပိုကောင်းပါတယ်လို့ ငြင်းနေကြပါတယ်။

ဘာပဲဖြစ်ဖြစ် အစိုးရ လုပ်ငန်းတွေ ရပ်သွားရင် တိုင်းပြည်ရဲ့ စီးပွားရေးကို ထိခိုက်နိုင်ပါတယ်။ အဲဒီလို ဖြစ်လာရင် ပါတီကြီး ၂ ခုစလုံးက တဖက်နဲ့ တဖက် အပြစ်ပုံချကြမှာပါ၊ လာမယ့်နှစ်မှာ ရွေးကောက်ပွဲတွေ လုပ်မှာဆိုတော့လဲ တဖက်နဲ့ တဖက် ထိုးနှက်ဖို့ ဘတ်ဂျက်ကို အသုံးချကြတာလဲ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။