အရှေ့ အလယ်ပိုင်း အရေးအခင်းတွေ အရှိန်မြင့်

  • 10 ဧပြီ 2011
Cairo protest ဓာတ်ပုံ မူပိုင် AFP
Image caption ကိုင်ရို ဆန္ဒပြပွဲက မြင်ကွင်းတခု

အရှေ့ အလယ်ပိုင်းက အီဂျစ်နဲ့ ယီမင် နိုင်ငံတွေမှာ လက်ရှိ အာဏာပိုင်တွေနဲ့ ဒီမိုကရေစီ တောင်းဆိုသူတွေကြား တင်းမာမှု အရှိန် မြင့်တက်လာနေပါတယ်။

သောကြာနေ့က တာဟီရာ ဆန္ဒပြပွဲမှာ လူအမြောက်အမြား လာရောက် စုဝေးခဲ့ပြီး မူဘာရက် ပြုတ်ကျသွားစေခဲ့တဲ့ ဆန္ဒပြပွဲတွေ နောက်ပိုင်းမှာ အကြီးမားဆုံး လူထု ဆန္ဒပြပွဲ တခုကို ပြန်တွေ့ခဲ့ရပါတယ်။

ဆန္ဒပြသူတွေက မူဘာရက် မိသားစုနဲ့ သူတို့နဲ့ နီးစပ်သူတွေကို ခုထိ အဂတိ လိုက်စားမှုနဲ့ တရားမစွဲသေးတာကို မကျေမနပ် ဖြစ်နေပါတယ်။

ဒါ့အပြင် အရင် အစိုးရ လက်ထက်ကတည်းက ရှိနေတဲ့ အုပ်ချုပ်ရေးပိုင်းက လူတချို့ဟာ ခုထိ အာဏာ လက်ဆုပ် လက်ကိုင် ရှိနေသေးတဲ့အတွက် သူတို့ ရာထူးတွေကနေ ဖယ်ရှားပေးဖို့ တောင်းဆိုနေပါတယ်။

ခုနောက်ဆုံး စစ်တပ်က ဆန္ဒပြသူတွေကို အလျှော့ပေးတဲ့ အနေနဲ့ မူဘာရက် လက်ထက်က ခန့်ထားတဲ့ ပြည်နယ် အုပ်ချုပ်ရေးမှု တချို့ကို ဖယ်ရှားဖို့ အစီအစဉ်တွေ စချပြလာပါတယ်။

ထောင်နဲ့ ချီတဲ့ ဆန္ဒပြသူ လူအုပ်ကြီးက မနေ့ညက လွတ်မြောက်ရေး ရင်ပြင်မှာ အတော် ဉာဉ့်နက်တဲ့ထိ စုဝေးနေပြီး နောက်ပိုင်းမှာ စစ်တပ်က ညမထွက်ရ အမိန့်အရ လူစုခွဲဖို့ ကြိုးစားရာမှာ စစ်တပ်နဲ့ ဆန္ဒပြ လူအုပ် အကြမ်းဖက် တိုက်ခိုက်မှု စပါတော့တယ်။

ဆန္ဒပြသူတချို့ အရိုက်ခံရသလို သေနတ် ပစ်ဖောက်မှုတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျည်ဆံ အစစ်တွေကိုတော့ မသုံးဘူးလို့ စစ်တပ်က ပြောပါတယ်။

မနေ့က အစောပိုင်းကဆိုရင် ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးက လက်ရှိ အာဏာရ စစ်ကောင်စီ အကြီးအကဲ သေနာပတိ တန်တဝီကို ရာထူးက နှုတ်ထွက်ပေးဖို့ထိတောင် တောင်းဆိုခဲ့ပါတယ်။

မူဘာရက် ပြုတ်ကျပြီးပြီးချင်း အီဂျစ် ပြည်သူတွေဆီမှာ မြင်တွေ့ခဲ့ရတဲ့ တဒင်္ဂ ဝမ်းမြောက် ဝမ်းသာဖြစ်မှုတွေ နေရာမှာ မိမိတို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်မှ ရောက်ပါ့မလား ဆိုတဲ့ စိုးရိမ် သောကတွေ ဝင်ရောက် နေရာယူလာပုံ ရပါတယ်။

ပုံမှန် အခြေအနေ ရောက်အောင် လွတ်မြောက်ရေး ရင်ပြင်က ဆန္ဒပြသူတွေကို စစ်တပ်က တည်တည် ကြည်ကြည်နဲ့ အင်အားနဲ့ ရှင်းလင်းမှာ ဖြစ်တယ်လို့ စစ်တပ်က ပြောနေပြီး အီဂျစ်က လက်ရှိ အခြေအနေဟာ အင်မတန် သိမ်မွေ့ပြီး တခုခုကို အဆုံးအဖြတ် ပေးတော့မဲ့ အနေအထားတခုကို ရောက်လာနေပြီဆိုတဲ့ အသိမျိုး ပေးနေတယ်လို့ ဘီဘီစီ သတင်းထောက် ယိုလန်နဲလက ကိုင်ရိုကနေ သတင်းပေးပို့ထားပါတယ်။

ယီမင် ဆန္ဒပြမှုများ

ဓာတ်ပုံ မူပိုင် AP
Image caption ဆာနားမှာ လုံထိန်းနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့

ယီမင် နိုင်ငံမှာလည်း ဆာနားမြို့လယ်ခေါင်မှာ အဓိကရုဏ်းရဲနဲ့ ဆန္ဒပြသူတွေ ရိုက်နှက် ကြရာမှာ လူပေါင်း ရာနဲ့ချီ ဒဏ်ရာ ရသွားတယ်လို့ သတင်းတွေ ရရှိပါတယ်။

သမ္မတ အလီ အဗဒူလာ ဆာလေးကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေရာမှာ လက်ရှိ သောင်မတင် ရေမကျ အနေအထားကနေ အန္တရယ် ရှိတဲ့ အခြေအနေတခုကို အလျင်အမြန် ကူးပြောင်းလာနေပုံရတယ်လို့ ဘီဘီစီ သတင်းထောက် က ယီမင်ကနေ သတင်း ပေးပို့ထားပါတယ်။

မနေ့ကဆိုရင် ခိုက်ရန်ဖြစ်ပွားမှုတွေ တောက်လျှောက် တွေ့နေရတဲ့ ဆာနားမြို့လယ်ခေါင် နေရာ တဝိုက်ကို စစ်တပ်က လော်ရီကားတွေနဲ့ ပိတ်ထားလိုက်ပြီး လမ်းအတော် များများမှာလည်း သမ္မတကို ထောက်ခံသူလို့ ပြောကြတဲ့ တုတ်တွေကိုင်ထားတဲ့ လူတွေ စောင့်နေပါတယ်။ ဗမာပြည်က ကြံ့ဖွံ့နဲ့ စွမ်းအားရှင် တွေနဲ့ ခပ်ဆင်ဆင်လို့ ပြောနိုင်ပါတယ်။

မြို့ထဲက လူတွေက ဘီဘီစီကို တယ်လီဖုန်းကနေ ပြောပြချက်အရ စစ်တပ်က လက်ဖြောင့် သေနတ်သမားတွေကို အဆောက်အဦ ခေါင်မိုးတွေပေါ်မှာ ချထားပြီး စိတ်ကြိုက် ပစ်ခတ် နေတယ်လို့ ဆိုပါတယ်။

ဆရာဝန်တွေ ပြောပြချက် အရ ရာနဲ့ ချီတဲ့ ဒဏ်ရာ ရသူတွေထဲမှာ အတော်များများဟာ မျက်ရည်ယို ဗုံးတွေကြောင့် ဖြစ်ပြီး အနည်းဆုံး လူတဒါဇင်လောက်မှာ သေနတ် ဒဏ်ရာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ဆာနားမြို့တော်တင်မက တာရိဇ မြို့မှာလည်း နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်ဖြစ်ပွားခဲ့ပါတယ်။

တချိန်ထဲမှာ သမ္မတကို ရာထူးက ဆင်းပေးဖို့ လူထုအင်အားနဲ့ တောင်းဆို ဆန္ဒပြမှုတွေ အရှိန်မြင့်လာနေပါတယ်။

ဒါပေမယ့်လည်း သမ္မတ ဆာလေးကတော့ ရာထူးက ဆင်ပေးမဲ့ အရိပ်အယောင် လုံးဝ မပြပါဘူး။

ပင်လယ်ကွေ့ ဒေသက နိုင်ငံတွေက ခုဆန္ဒပြမှုတွေမှာ နှစ်ဘက်ကြား ဝင်ရောက် စေ့စပ်ပေးဖို့ ကမ်းလှမ်းတာကိုတောင် လက်မခံခဲ့ပါဘူး။

နောက်ပိုင်းမှာ ဒီကြိုးပမ်းမှုတွေကို ကြိုဆိုတယ် ဆိုတာလောက်သာ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ခုအကျပ်အတည်းကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ရေး အခွင့်အလမ်း အားလုံးကို ဖျက်ဆီးခဲ့သူဟာ သူကိုယ်တိုင်ပဲလို့ ဘီဘီစီ သတင်းထောက်က ဆာနားကနေ သတင်းပေးပို့ထားပါတယ်။