အာ​ဖ​ရိ​ကသမဂ္ဂ​ရဲ့ ကြား​ဝင် စေ့စပ်​မှု​ အောင်မြင်​နိုင်​သလား

  • 11 ဧပြီ 2011
အာဖရိကသမဂ္ဂကိုယ်စားလှယ်ကိုကဒါဖီကြိုဆို ဓာတ်ပုံ မူပိုင် Reuters
Image caption အာဖရိကသမဂ္ဂကိုယ်စားလှယ်ကိုကဒါဖီကြိုဆို

လစ်ဗျား ပြဿနာကို စစ်ရေးနည်းနဲ့ ပြေလည်အောင် မဖြေရှင်းနိုင်ဘူး၊ ဆွေးနွေးတဲ့နည်းနဲ့ သာပြေလည်မှုရနိုင်မယ် ဆိုတာဟာ လစ်ဗျား အရေးနဲ့ ပတ်သက်တဲ့ အာဖရိက သမဂ္ဂရဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။

ကဒါဖီ အစိုးရဘက်က အပစ်ခတ်ရပ်စဲပြီး ဆွေးနွေးရေးလုပ်ဖို့ သဘောတူထားပြီလို့ အာဖရိက သမဂ္ဂက ဆိုပါတယ်။

အခုတော့ သူပုန်တွေရဲ့ အင်အားအလုံးအရင်းနဲ့ ခြေကုတ်ယူထားရာဖြစ်တဲ့ ဘန်ဂါဇီကို အာဖရိက သမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ သွားရောက်ပါတယ်၊

ဒါပေမဲ့ ဗိုလ်မှူးကြီး ကဒါဖီဖြစ်စေ၊ သူ့သားတွေကို ဖြစ်စေ အာဏာ ဆက်လက် စွဲကိုင်စေမယ့် ဆွေးနွေးပြောဆိုမှု မှန်သမျှကို လက်ခံမှာ မဟုတ်ဘူးလို့ အတိုက်အခံ သူပုန်တွေဘက်က ကြေငြာထားပါတယ်။

ဒီတော့ အာဖရိက သမဂ္ဂရဲ့ ကြားဝင်စေ့စပ်ရေးဟာ လစ်ဗျား နိုင်ငံရဲ့ သွေးထွက်သံယို ပဋိပက္ခတွေ ကို ပြေလည်စေနိုင်မှာပါလား။

အာဖရိက သမဂ္ဂရဲ့ စေ့စပ်ရေးဟာ သိပ်တော့ နာမည်ဂုဏ်သတင်းကောင်းမွန်လှတယ်လို့ မဆိုနိုင်ပါဘူး။

အီဂျစ်အရေးနဲ့ တူနီးရှားအရေးတွေမှာ အာဖရိကသမဂ္ဂ အဝင်နှေးတယ်ဆိုတဲ့ ဝေဖန်ပြစ်တင်မှုမျိုးတွေ ခံခဲ့ရပါတယ်။

ဒါပေမဲ့ အခု လစ်ဗျားအရေးမှာ တော့ အာဖရိကသမဂ္ဂမှာ ပြတ်သားတဲ့ သန္နိဌာန် ရှိနေပုံရပါတယ်။

စွဲမြဲတဲ့ ရပ်တည်ချက်တခုကို တသမတ်တည်း ဆုပ်ကိုင်ထားပြီး ကဒါဖီအစိုးရနဲ့ ရော ဘန်ဂါဇီသူပုန်တွေနဲ့ပါ စကားပြောဆို နိုင်တဲ့ အခြေအနေရှိလာပါတယ်။

အာဖရိက သမဂ္ဂရဲ့ အဆိုပြုချက်ထဲမှာ အပစ်အခတ်ရပ်စဲရေး၊ ဆွေးနွေးရေးနဲ့ နေတိုးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆိုင်းငံ့ထားရေးဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

အာဖရိက နိုင်ငံရေး ခေါင်းဆောင်တွေကြားမှာ နေတိုးရဲ့ လေယာဉ်မပျံသန်းရ ဇုန်ကို လက်မခံချင်တဲ့ ခံစားချက်မျိုးတွေရှိနေပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ ရှေ့ကို ခြေတလှမ်းကျွံနေတယ်လို့ သူတို့က ရှုမြင်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ ငြိမ်းချမ်းရေးကို ရှာဖွေတာမဟုတ်ဘဲ ကဒါဖီကို ဖြုတ်ချဖို့ ဆောင်ရွက် နေတာသာ ဖြစ်တယ်လို့ သူတို့ ကမြင်ပါတယ်။

ဒါပေမဲ့ တခြားတဘက်မှာကလည်း ဗိုလ်မှူးကြီးကဒါဖီကို ရာထူးဖယ်ရှားရေးနဲ့ လုံးဝင်မပါဝင်တဲ့ ကြားဝင်ဖြန်ဖြေမှုဟာ ဗိုလ်မှူးကြီး ကဒါဖီကို အကာအကွယ်ပေးတာတမျိုးပဲလို့ ရှုမြင်သူတွေရှိကြပါတယ်။

အာဖရိကသမဂ္ဂဟာ အာဖရိက ပြည်သူတွေကို ကိုယ်စားမပြုဘဲ အုပ်စိုးသူ လူတန်းစားကိုသာ ကိုယ်စားပြုတယ်လို့လည်း သူတို့က ရှုမြင်ကြပါတယ်။

အာဖရိက သမ္မတတွေရဲ့ အကျိုးဆောင် ကလပ်အသင်းကြီးလို့တောင် စွပ်စွဲသူတွေလည်း ရှိပါတယ်။

အနောက်နိုင်ငံတွေဟာ အာဖရိကသမဂ္ဂရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို နေရာ မပေးချင်လို့ လျစ်လျူရှုထားတယ်လို့ စောဒက တက်တာမျိုးလည်း တခြားတဘက်မှာရှိပါတယ်။

အခုအခြေအနေမှာ စေ့စပ်ရေး အတွက် အခက်ခဲဆုံးရင်ဆိုင်နေရတဲ့ အခြေအနေကတော့ ဗိုလ်မှူးကြီးကဒါဖီကို လက်ရှိအစိုးရနေရာ အုပ်ချုပ်သူနေရာမှာ ဆက်လက်ဆုပ်ကိုင် နေထိုင်ခွင့် ပေးထားပြီး ဆွေးနွေးရေး ဆောင်ရွက်ဖို့ကို သူပုန်တွေဘက်က သဘောတူမတူဆိုတဲ့ အချက်ဖြစ်ပါတယ်။