လစ်ဗျားကို တိုက်ဖို့ လေယာဉ်တွေ ထပ်လိုလို့ နေတိုးပြော

  • 15 ဧပြီ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

နေတိုးမြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ကြီးက လစ်ဗျား အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်ရမှာဖြစ်လို့ လစ်ဗျား လေကြောင်း တိုက်ခိုက်မှု တွေအတွက် စစ်လေယာဉ်တွေ နောက်ထပ် လိုအပ်နေတယ်လို့ ပြောခဲ့ပေမဲ့ အမေရိကန် ပြည်ထောင်စုကတော့ လစ်ဗျားကို လေယာဉ်တွေ ထပ်မပို့နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကလဲ ဘာလင်မှာ လုပ်နေတဲ့ နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း အမေရိကန်နိုင်ငံခြားဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံရာမှာ နောက်ထပ် အကူအညီ ပိုပေးဖို့ ပြောခဲ့ပေမဲ့ သူတို့အနေနဲ့ စစ်ဆင်ရေးကို လိုက်လို့ ပေးသင့်ရင် ပေးမယ်လို့ ပြောခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်တို့ကို သူတို့ရဲ့ ပေါ်လစီကို ပြောင်းပြီး နေတိုးစစ်ဆင်ရေးမှာ ပိုပြီး ပါဝင်ပတ်သက်ဖို့ မစ္စစ်ကလင်တန်ကို သူတိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မစ္စစ် ကလင်တန်ရဲ့ တုန့်ပြန်ချက်ဟာ ပေါ်လစီ မပြောင်းဘူးလို့ ဆိုလိုတာဘဲလို့ သူကပြောပါတယ်။

အရပ်သားတွေကို ပိုကာကွယ်နိုင်အောင် မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ဥရောပနိုင်ငံတွေ ပိုပါဝင်လာဖို့ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ ကြိုးပမ်းမှုတွေဟာလည်း အချည်းနှီး ဖြစ်ခဲ့ပုံရတယ်လို့ ဘီဘီစီ သတင်းထောက် စတီဗင် အီဗင်က သုံးသပ်ပါတယ်။

စပိန်နိုင်ငံခြားရေးဝန်ကြီးကလည်း နေတိုး အစည်းအဝေးတက်ဖို့အလာ လမ်းမှာ သူတို့လည်း ပေါ်လစီမပြောင်းဘူးလို့ ပြောခဲ့ပါတယ်။

စပိန်အနေနဲ့ no fly zone သတ်မှတ်ထားတဲ့ လစ်ဗျားကောင်းကင်ယံမှာ ဗိုလ်မှူးကြီးကဒါဖီရဲ့ လေယာဉ်တွေ တက်မလာအောင် သူတို့ လေယာဉ်တွေ ဆက်ပြီး စောင့်ကြပ်တိုက်ခိုက်မှာ ဖြစ်ပေမဲ့ မြေပြင်ပစ်မှတ်တွေကို သူတို့လည်းတိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီတော့ နေတိုး နိုင်ငံခြားရေး ဝန်ကြီးများရဲ့ တနေ့တာ အစည်းအဝေး ပြီးသွားပေမဲ့ လစ်ဗျားအရေးနဲ့ပတ်သက်လို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကြား သူတို့ရဲ့ တပ်ဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍတွေဟာ အပြောင်းအလဲ ရှိမဲ့ပုံမရှိဘူလို့ ဘီဘီစီ သတင်းထောက် စတီဗင် အီဗင်ကသုံးသပ်ပါတယ်။