ချစ်သူ နှစ်ဦးရဲ့ ချစ်ခရီး

  • 11 ဧပြီ 2011

မင်းသား ဝီလျံ နဲ့ ကိတ်မစ်ဒယ်လ်တန်တို့ရဲ့ ချစ်ခရီးအစဟာ တက္ကသိုလ်ကျောင်းက လို့ ပြောရမှာပါ။

၂၀၀၁ ခုနှစ်

ဓာတ်ပုံ မူပိုင် Middleton family
Image caption ဘွဲ့ရချိန်က ကိတ်နဲ့ ဝီလျံ

ဝီလျံဟာ အောက်စဖို့နဲ့ ကိမ်းဘရစ်ဂျ်တို့လို တက္ကသိုလ်မျိုးကို အစဉ်အလာရှိတဲ့အတိုင်း မရွေးချယ်ဘဲ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ စိန့်အန်ဒရူးစ် တက္ကသိုလ်ကို ရွေးချယ်ခဲ့ပါတယ်။

စတော့တလန် အရှေ့ဘက် ခပ်ဝေးဝေး ကမ်းရိုး တန်းဘက်မှာ တည်ရှိတဲ့ စိန့်အန်ဒရူးစ် တက္ကသိုလ်ဟာ လူကုံထံသားသမီးတွေနဲ့ ပုဂ္ဂလိ ကကျောင်းတွေက လာတဲ့ ကျောင်းသားတွေ တက်ရောက်တဲ့ နာမည်ကြီး တက္ကသိုလ်တခု ဖြစ်ပါတယ်။

ကိတ်မစ်ဒယ်လ်တန်ဟာလည်း စိန့်အန်ဒရူးစ် တက္ကသိုလ်မှာ မင်းသားဝီလျံလိုပဲ အနုပညာ သမိုင်း အဓိက ဘာသာကို လေ့လာသင်ယူခဲ့ ပါတယ်။

၂၀၀၂ ခုနှစ်

တက္ကသိုလ် ဒုတိယနှစ်အစမှာတော့ မင်းသားဝီလျံဟာ သူ့ရဲ့ ကျောင်းတက်ဖေါ်တွေ ဖြစ်တဲ့ ကိတ်မစ်ဒယ်လ်တန်၊ အိုလီဗီရာ ဘလိစ်ဒဲနဲ့ ဖာဂူ့စ် ဘွိုင်းတို့နဲ့အတူ တိုက်ခန်းတခုကို စပ်တူ ငှားပြီး စုနေခဲ့ပါတယ်။

သူတို့ရဲ့ အမှတ် ၁၃/ဂ တိုက်ခန်းဟာ တိတ်ဆိတ်ငြိမ်သက်လှတဲ့ မျှော်လင့်ခြင်းလမ်းပေါ်မှာ တည်ရှိပါတယ်။

ဝီလျံက သူဟာ မီးဖိုချောင်မှာ ဘာမှ သုံးလို့ရမှာ မဟုတ်ဘူးလို့ ဝန်ခံခဲ့ပေမယ့်လည်း သူတို့ အားလုံးဟာ အလှည့်ကျ ချက်ပြုတ်ခဲ့ကြပါတယ်။

အခုလို နေထိုင်ခဲ့ကြရတဲ့ အခြေအနေတွေကနေ သူတို့နှစ်ဦးဟာ ရှောင်လွှဲမရအောင် ချစ်သူ စုံတွဲ ဖြစ်သွားကြတယ်လို့လည်း ဆိုနိုင်ပါတယ်။

မော်ဒယ် ကိတ်

Image caption မော်ဒယ်လျှောက်လမ်းပေါ်က ကိတ်

၂၀၀၂ ခုနှစ် ဒုတိယနှစ်ဝက် စာသင်နှစ်အတွင်း ဒီဇိုင်နာ Yves St Laurent က ကမကထပြု လုပ်တဲ့ ပရဟိတရန်ပုံငွေအတွက် ဖက်ရှင်ပြပွဲ မှာ ကိတ်တယောက် မော်ဒယ်အဖြစ် လမ်းလျှောက် ခဲ့ပါတယ်။

ဒီဖက်ရှင်ရှိုး ရှေ့ ဆုံးတန်း ခုံနေရာကို ပေါင် ၂၀၀ ပေးပြီး လာကြည့်ခဲ့တဲ့ မင်းသားဝီလျံက အဲဒီပွဲ မှာ ကိတ်ရဲ့ အတွင်းခံ အနက်ရောင် အပေါ်က နေ ဇာပဝါခပ်ပါးပါးလေး ဝတ်ထားတဲ့ မော်ဒယ် ဒီဇိုင်းကိုလည်း တွေ့သွားခဲ့ပါတယ်။

ဒီဖက်ရှင်ပွဲက ဓာတ်ပုံတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ပြန့်သွားခဲ့ပြီး၊ အသက် ၂၀ ရွယ်ကိတ် ရဲ့ အခုလို ဝတ်စား ဆင်ယင်မှုအပေါ် ထူးထူးခြားခြား မှတ်ချက်ပေးမှုတွေ ရှိခဲ့ပါတယ်။

တိတ်ဆိတ်ငြိမ်သတ်တဲ့ ကျေးလက်နေရာ

ဓာတ်ပုံ မူပိုင် AFP
Image caption တက္ကသိုလ်ကျောင်းသား ဝီလျံ

၂၀၀၃ ခုနှစ် ဆောင်းဦးပေါက်ရာသီ၊ စကော့ တလန်ကို ပြန်လာချိန်မှာတော့ ဝီလျံနဲ့ တအိမ် ထဲနေ အခန်းဖေါ်တွေဟာ စိန့်အန်ဒရူးစ်မြို့ ရဲ့ ပိုပြီးတိတ်ဆိတ် ငြိမ်သက်တဲ့ ဆင်ခြေဖုံးပိုင်း က အိမ်တအိမ်ကို ​ပြောင်းရွှေ့ခဲ့ ကြပါတယ်။

မြို့ရဲ့ အနောက်ဘက်မှာ တည်ရှိတဲ့ သူတို့ရဲ့ အိမ်နေရာလေးဟာ နာမည်ကြီး စိန့်အန်ဒရူးစ် ဂေါက်ကွင်းနဲ့ လက်တကမ်းအကွာမှာ တည်ရှိ ပါတယ်။

ကိတ်ရဲ့ ၂၁ နှစ်မြောက်မွေးနေ့ပွဲ

၂၀၀၃ ခုနှစ်ထဲမှာပဲ ကျရောက်တဲ့ ကိတ်ရဲ့ ၂၁ နှစ်မြောက်မွေးနေ့ပွဲကို မင်းသားဝီလျံ တယောက် အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့ပါတယ်။ အဲဒီကာလ လောက်မှာပဲ မင်းသားဝီလျံနဲ့ ကိတ်တို့ ချစ်သူတွေ ဖြစ်နေကြပြီလားဆိုတဲ့ မှန်းဆချက်တွေလည်း မီဒီယာတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ရောက်လာ ကြပါ တယ်။

အဲဒီအချိန်က ဝီလျံက သူဟာ တစုံတဦးနဲ့ ရေရှည် ဆက်ဆံမှုမျိုး မရှိပါဘူးဆိုပြီး အင်တာဗျူးတခုမှာ ဖော့ပြောခဲ့ ပါတယ်။

''ကျွန်တော့်မှာ ပုံမှန်တွဲတဲ့ ရည်းစားမရှိပါဘူး၊ တကယ်လို့ မိန်းကလေးတယောက်ကို သဘောကျပြီး တကယ်ခံစားရတယ် ဆိုရင်၊ နောက်ပြီး သူဘက်ကလည်း အလားတူ ခံစားချက်မျိုးရှိရင်တော့ သူနဲ့ တွဲဖြစ်မှာပါ။''

'' တချိန်တည်းမှာပဲ သူတို့ကို ကျွန်တော့်ကြောင့် မထိခိုက်စေချင်ပါဘူး။''

'' ကျွန်တော်နဲ့ပတ်သက်တဲ့ မိန်းကလေးတွေနဲ့ပတ်သက်ပြီး၊ ထင်ကြေး ပေးတာတွေက အများကြီးပါ။ ဒါဟာ တကယ်တော့ လုံးဝ စိတ်ပျက်စရာပါ၊ ဘာလို့လဲဆိုတော့ မိန်းကလေး တွေအတွက် လုံးဝ ထိခိုက်စေလို့ပါပဲ။''

၂၀၀၄ ခုနှစ် - ဆွစ်ဇာလန်မှာ စကိတ်စီး

ဓာတ်ပုံ မူပိုင် REX
Image caption ချစ်သူတွေ ဖြစ်နေပြီလို့ ထင်ရှားစေတဲ့ ခရီး

သတင်းမီဒီယာတွေက မျှော်လင့်ထားတဲ့ အတိုင်းပါပဲ မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ် တန်တို့ဟာ ချစ်သူရည်းစားတွေ ဖြစ်နေပါ ပြီဆိုတာကို သက်သေပြနိုင်တဲ့ ဖြစ်ရပ်တခု ထွက်ပေါ်လာပါတယ်။

ဆွစ်ဇာလန်မှာ အားလပ်ရက် စကိတ်စီးနေကြတဲ့ သူတို့နှစ်ဦးရဲ့ပုံတွေဟာ ကမ္ဘာတလွှားကို ပြန့်နှံ့ သွားပါတယ်။

၂၀၀၅ ခုနှစ်

ဝီလျံဟာ စိန့်အန်ဒရူးစ် တက္ကသိုလ်ကနေ ပထဝီ အဓိကဘာသာနဲ့ ဘွဲ့ကို ဆွတ်ခူး ရရှိခဲ့ ပါတယ်။

မင်းသားဝီလျံဟာ အနုပညာ သမိုင်းဘာသာရပ်ကို စယူခဲ့ ပြီးနောက်ပိုင်း ပထဝီဘာသာကို ပြောင်းယူဖို့ ကိတ်မစ်ဒယ်တန်က နားချခဲ့တာ ဖြစ်ပါတယ်။

ကိတ်မစ်ဒယ်တန်ဟာလည်း မင်းသားဝီလျံနဲ့ တရက်တည်း၊ စိန့်အန်ဒရူးစ် တက္ကသိုလ်ကနေ အနုပညာသမိုင်းဘာသာနဲ့ ဘွဲ့ရခဲ့ပါတယ်။

ဘွဲနှင်းသဘင်ကျင်းပတဲ့ အများပြည်သူရှေ့မှာတော့ သူတို့ နှစ်ဦးဟာ ခပ်ခွာခွာပဲ နေခဲ့ကြ ပါတယ်။ ဒါပေမယ်လို့ အဲဒီတုန်းက သူတို့ နှစ်ဦးရဲ့ တကဲ့ ဆက်ဆံရေး အခြေအနေမှန် အကြောင်း ပူးတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကတော့ အခုလို စေ့စပ်ပြီးနောက်မှ မစ်ဒယ်တန် မိသားစုဖက်က ထုတ်ပြန်ခဲ့လို့ တွေ့ကြ သိကြ ရပါ တယ်။

အချစ်ခရီး

ကိတ်တယောက် တော်ဝင် စည်းဝိုင်းထဲ စဝင်ပြီ

ဓာတ်ပုံ မူပိုင် Getty
Image caption မြင်းပွဲကြည့်နေတဲ့ တော်ဝင်ဆွေမျိုးတွေ ကြားက ကိတ်

၂၀၀၆ ခုနှစ် မတ်လက ချယ်လ်တနမ်မြင်း ပြိုင်ကွင်းမှာ ကျင်းပတဲ့ မြင်းပြိုင်ပွဲကို ကြည့် ရှုသူကြတဲ့ တော်ဝင် မိသားစု ပရိတ်သတ် တွေထဲမှာ ကိတ်မစ်ဒယ်လ်တန်ကို တွေ့မြင်ခဲ့ရပါ တယ်။

ဒါဟာ သူတို့စုံတွဲရဲ့ ဆက်ဆံရေးမှာ အရေးပါတဲ့ တိုးတက်မှုတခုလို့ တော်ဝင်မိသားစုကို စောင့် ကြည့်နေသူတွေက မီးမောင်းထိုးပြ ပါတယ်။

ဒီမြင်းပြိုင်ပွဲကို မင်းသားဝီလျံကတော့ လာ ရောက်ကြည့်ရှုခြင်း မရှိခဲ့ပေမယ့်၊ သူ့ဖခင် ဝေလမင်းသား ချားလ်စ်နဲ့ ဇနီး ကွန်းဝေါ မြို့ စားကတော်တို့ တက်ရောက်ခဲ့ ပါတယ်။

၂၀၀၆ ခုနှစ် - ဝီလျံ အရာရှိ စစ်သင်တန်းတက်

ဝီလျံဟာ ဒုတိယနန်းလျာမင်းသားဖြစ်တဲ့ အလျောက် တချိန်မှာ စစ်တပ်ဦးစီးချုပ်အဖြစ် ရာထူးဆက်ခံ ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption စစ်သင်တန်းကျောင်းက ဝီလျံ

ဒီအတွက် ဆန်းဟာ့တ် တော်ဝင် အရာရှိ စစ်သင်တန်းကျောင်းမှာ စတင်သင်တန်း တက်ရောက်ရာ ကနေ သူ့ရဲ့ စစ်တပ် အသက်မွေးဝမ်းကျောင်းမှုကို စတင်ပါ တော့တယ်။

တော်ဝင်လေတပ်မှာ တာဝန်ထမ်း ဆောင်ခွင့် ရရေးအတွက် ဒီသင်တန်းဟာ သူ့အတွက် အရေးကြီးတဲ့ သတင်းဖြစ် ခဲ့ပါတယ်။

- အရာရှိစစ်သင်တန်းဆင်းပွဲကို ကိတ်တက်ရောက်

၂၀၀၆ခုနှစ် ဆန်းဟာ့တ် စစ်သင်တန်း ကျောင်းမှာ ဘွဲ့ရပြီးနောက် မင်းသားဝီလျံ ဗြိတိသျှစစ်တပ်မှာ အရာရှိ တယောက်အဖြစ် စပြီး တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

စစ်သင်တန်းဆင်းပွဲမှာ လူတွေအားလုံးဟာ မင်းသားဝီလျံကိုပဲ အာရုံစိုက်နေပေမယ့်လို့ သတင်းမီဒီယာတွေ ကတော့ ကိတ်မစ်ဒယ်တန် တယောက် သင်တန်းဆင်းပွဲ တက်ရောက် လာတာကို သတိပြုမိခဲ့ပါတယ်။

အခုလို ဘုရင်မကြီးနဲ့တကွ အဆင့်မြင့် တော်ဝင်မိသားစုတွေ တက်ရောက်တဲ့ အဆင့်မြင့် ပွဲကြီးတခုမှာ မင်းသားဝီလျံရဲ့ ဧည့်သည်အဖြစ် တက်ရောက်ရတာဟာ ကိတ်အတွက် ဒါဟာ ပထမဆုံးပါ။

ဦးထုပ်အနက်ရောင်နဲ့ ကြက်သွေးရောင်ကုတ်အင်္ကျီ ဝတ်ဆင်ထားတဲ့ ကိတ်နဲ့အတူ သူ့မိဘ တွေပါ တက်ရောက် ခဲ့တာပါ။

၂၀၀၇ ခုနှစ် - ကိုယ့်လမ်းနဲ့ ကိုယ်

၂၀၀၇ ခုနှစ် ဧပြီလမှာ မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ်တန်တို့ လမ်းခွဲသွားကြပြီဆိုတဲ့ သတင်း ဟာ မီဒီယာလောကမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။

Image caption လန်ဒန်မှာ တယောက်ထဲတွေ့ရတဲ့ ကိတ်

သူတို့ နှစ်ဦး ကွဲကွာသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး၊ သတင်းတွေကတော့ အမျိုးမျိုး ထွက်လာပါ တယ်။ မင်းသားဝီလျံ စစ်တပ်မှာ အလုပ်လုပ် နေရလို့ ဖြစ်ရတာ၊ ကိတ်ရဲ့ဘဝ အခြေအနေ ကြောင့်၊ တချို့ကလည်း တော်ဝင် မိသားစုရဲ့ ကြားဝင်စွက်ဖက်မှုတွေကြောင့် ဖြစ်ရ တာဆိုပြီး အမျိုးမျိုး သတင်းတွေ ထွက်ခဲ့ တာဖြစ်ပါတယ်။

ဝီလျံဟာ ဒေါဆက်မှာရှိတဲ့ စစ်စခန်းကို ပြောင်း ရွှေ့ခဲ့ပြီး၊ ကိတ်မစ်ဒယ်တန်ကတော့ သူ့ဘဝ ကို လန်ဒန်မှာ ဖြတ်သန်းခဲ့တာကြောင့် သူတို့နှစ်ဦး ရဲ့ ဆက်ဆံရေးဟာ အေးခဲသွားခဲ့ တာလို့ ဆိုကြပါတယ်။

- ဝီလျံ စစ်သင်တန်းဆက်တက်

၂၀၀၇ ခုနှစ် ဇန္နဝါရီလမှာတော့ မင်းသားဝီလျံဟာ ဘာ့ခ်ရှားက သံချပ်ကာယန္တရားတပ်မှာ စစ်တင်တန်း တက်ရောက်ခဲ့ပါတယ်။

အဲဒီမှာပဲ သူဟာ သံချပ်ကာကားတပ်ဖွဲ့ ခေါင်းဆောင် သင်တန်းပါ တက်ခဲ့ရပါတယ်။

ဝီလျံဟာ သူကြာရှည်တွဲခဲ့တဲ့ ရည်းစားနဲ့ တွေ့ဖို့ထက်ကို စစ်တပ်ထဲမှာ တွေ့ရတဲ့ ရဲဘော် မိတ်ဆွေသစ်တွေနဲ့သာ ပိုပြီး ပျော်မွေ့နေခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ ပါတယ်။

၂၀၀၇ ခုနှစ် - ဒိုင်ယာအတွက် အမှတ်တရပွဲ

ဓာတ်ပုံ မူပိုင် PA
Image caption အတူတက်ပေမယ့် ခပ်ခွာခွာ

မင်းသား ဝီလျံရဲ့ မိခင် လေဒီဒိုင်ယာနာအတွက် ပြုလုပ်တဲ့ အမှတ်တရ ပွဲတခုမှာ ကိတ်မစ်ဒယ် တန်ဟာ တော်ဝင်စည်းဝိုင်းထဲ ပြန်ဝင်ရောက် ခဲ့တဲ့ အတွက်၊ ဒါဟာ သူတို့နှစ်ဦး ကွဲကွာသွား ကြပြီဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီး နောက်ပိုင်း ဆက်ဆံရေး ပြန်ကောင်း လာတာကို ပြသ တာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ထုံးစံအတိုင်း ထင်ထင်ပေါ်ပေါ် မဖြစ်စေဖို့အတွက် ကိတ်ကို မင်းသားဝီလျံနဲ့ ဟယ်ရီတို့နဲ့ ခပ်ဝေးဝေးမှာ နေရာချထားတာကို တွေ့ရပါတယ်။

၂၀၀၈ ခုနှစ် - ပိုင်းလော့ တံဆိပ် ချီးမြှင့်ပွဲကိုလည်း ကိတ်တက်ရောက်

သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ပြန်ပြီး ခိုင်မာလာပြီဆိုတာ ပိုထင်ရှားလာပါတယ်။

အကြောင်းကတော့ ဝေလမင်းသား ကိုယ်တိုင်ပေးအပ်တဲ့ တော်ဝင်လေတပ် ပိုင်းလော့ တံဆိပ် ချီးမြှင့်ပွဲ အခမ်းအနားကို ကိတ်မစ်ဒယ်တန်ဟာ တရားဝင်ဖိတ်ကြား ခြင်းခံရတဲ့ ဧည့်သည်တော် ဖြစ်ခဲ့ပါတယ်။

လက်ရှိလေတပ် ထိပ်တန်းအရာရှိဖြစ်သူ ချားလ်မင်းသားက သူ့သားနဲ့အတူ တခြား တော်ဝင်လေတပ် ပိုင်းလော့တွေကို တံဆိပ် ချီးမြှင့်နေတာကို ကိတ်တယောက် ပရိတ်သတ် တွေ ကြားကနေ ကြည့်ရှုခဲ့ပါတယ်။

၂၀၁၀ ခုနှစ် - ဝီလီယံကို ကိတ်လာတွေ့

နှစ်နှစ်ကြာ သင်တန်း အပြင်းအထန် တက်ပြီးနောက် မင်သားဝီလျံကို လေတပ်ဗိုလ်အဖြစ် လူသိ များလာပါတော့တယ်။ အဲဒီနောက်မှာတော့ သူကို တော်ဝင်လေတပ်ရဲ့ အမှတ် ၂၂ တပ်ဖွဲ့မှာ တာဝန်ပေး လိုက်ပါတယ်။

အဲဒီတပ်ဖွဲ့မှာ သူဟာ ကယ်ဆယ်ရေး ရဟတ်ယာဉ် တွဲဖက် ပိုင်းလော့အနေနဲ့ ပထမဦးဆုံး ပျံသန်းမှုကို လုပ်ဆောင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ မင်းသားဝီလျံဟာ အန်ဂတ်ဆီ ခရိုင်မှာ ရှာဖွေကယ်ဆယ်ရေး ပိုင့်လော့ တဦးအနေနဲ့ တာဝန်ထမ်းဆောင်ရင်း အခြေကျနေပြီ ဖြစ်ပါတယ်။

ကိတ်မစ်ဒယ်တန်ကလည်း အဲဒီဝေးလ်စ် ပြည်နယ်က သူတို့ ငှားထားတဲ့အခန်းမှာ အချိန် အများကြီးပေးပြီး လာနေ နေပါတယ်။

လေတပ်ဗိုလ် ဝီလျံဟာ တော်ဝင်လေတပ်အတွက် ရှေ့တန်း ရှာဖွေကယ်ဆယ်ရေး ပိုင်းလော့ အဖြစ် ၃ နှစ်ကြာ တာဝန်ထမ်းဆောင်ဖို့ ရှိနေပါတယ်။

၂၀၁၀ ခုနှစ် - စေ့စပ်ပွဲ

Image caption စေ့စပ်လိုက်ကြပြီ

တခဏသာ ကွဲကွာမှုရှိခဲ့ပြီး၊ ၅ နှစ်တာ ချစ်သူ တွေ ဖြစ်ခဲ့တဲ့ မင်းသားဝီလျံ နဲ့ ကိတ်မစ်ဒယ်လ်တန်တို့ လက်ထပ်ကြတော့မယ် ဆိုတာကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကြေညာ လိုက်ပါတယ်။

''ကျွန်တော်တို့ဟာ အရမ်း အရမ်းကို ပျော်ရွှင် ကြပါတယ်'' လို့ မင်းသားကပြောသလို ကိတ်မစ် ဒယ်တန်ကလည်း တော်ဝင်မိသားစု ဝင်တဦး ဖြစ်လာမှာကို မချင့်မရဲ ဖြစ်နေတယ်လို့ပြော ပါတယ်။

တည်တည်ငြိမ်ငြိမ်နဲ့ ဝင်ဆန့်နိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ဆက်ပြောပါတယ်။

ကင်ညာနိုင်ငံကို အားလပ်ရက် ခရီးထွက်စဉ်မှာ မင်းသားဝီလျံက ကိတ်ကို သူ့အမေ လေဒီဒိုင်ယာနာရဲ့ စေ့စပ်လက်စွပ်ပေးပြီး လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

ဝီလျံက ကိတ်ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အကြောင်းပြောပြပုံကို ဒီမှာ နှိပ်ပြီး ကြည့်နိုင် ပါတယ်။

အခုတော့ ဧပြီလ ၂၉ ရက်နေ့မှာ တော်ဝင်မင်္ဂလာပွဲကြီး ဆင်နွှဲပြီး ချစ်သူနှစ်ဦး လက်တွဲလို့ ဘဝ ခရီးဖော်အဖြစ် လျှောက်လှမ်းကြတော့မှာ ဖြစ်ပါတယ်။