ပြည်​တွင်း​စစ် ရှောင်​ချင်​ရင်​အစိုးရ တည်​ငြိမ်​အောင်ကူညီပါ

  • 11 ဧပြီ 2011
ကမ္ဘာဘဏ်
Image caption က်က နိုင်ငံတကာအကူအညီတွေကိုပြောင်းလဲစေမလား

နိုင်ငံတကာ အကူအညီတွေကို ကျန်းမာရေး ပညာရေး အကူအညီတွေထက် တည်ငြိမ်တဲ့ အစိုးရတွေဖြစ်ပေါ်ရေး၊ တရားမျှတမှု ထွန်းကားရေးနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရဲ အဖွဲ့တွေ အတွက်ကို ပိုပြီး အထောက်အကူ ပေးသင့်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုလိုက်ပါတယ်။

နိုင်ငံတကာက ပေးအပ်နေတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ အပြောင်းအလဲတွေ လုပ်ကြဖို့ ကမ္ဘာ့ဘဏ်ကတိုက်တွန်း လိုက်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံနေထိုင်ရာ နိုင်ငံတွေမှာ ပြည်တွင်းပဋိပက္ခတွေ ရှိနေတဲ့ အတွက် အကူအညီတွေကို အစိုးရအဖွဲ့တွေ ခိုင်မာရေး တည်ငြိမ်တဲ့ အုပ်ချုပ်ရေး ရှိရေးတို့အတွက် စူးစိုက်ရည်ရွယ်ပြီး ပေးကြဖို့ ကမ္ဘာ့ဘဏ်က တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအကူအညီနဲ့ ပတ်သက်တဲ့ ထောင်စုနှစ် ရည်မှန်းချက်ဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဖြစ်ပါတယ်။

တရားမျှတမှုရှိရေးတို့ အုပ်ချုပ်ရေး တည်ငြိမ်မှုရှိဖို့တို့ဆိုတာ မပါပါဘူး။

ဒါပေမဲ့ ဒီလို ကိစ္စမျိုးတွေကို စူးစိုက် ဆောင်ရွက်တာမျိုး မရှိရင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ပညာရေး ကျန်းမာရေးဆိုတဲ့ တခြားရည်မှန်းချက်တွေဟာလည်း မအောင်မြင်နိုင်ဘူးလို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

အခုပေးနေတဲ့ အကူအညီတွေဟာ ပြည်တွင်းစစ်လို အဓိကပဋိပက္ခကြီးတွေ မဖြစ်ပွားအောင် တားဆီးတဲ့ ကိစ္စရပ်တွေမှာ မသုံးဘဲ ပြည်တွင်းစစ်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက် ဒုက္ခတွေကို ကုသရေး အတွက်သာ သုံးစွဲနေတယ်လို့ ကမ္ဘာ့ဘဏ်က ဝေဖန်နေပါတယ်။

အခုပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ တိုင်းပြည်တွေရဲ့ ကိုးဆယ်ရာနှုန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်လောက်ကတည်းက ဖြစ်ပွားနေခဲ့ကြတာလို့ လည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ထောက်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေ ရှိနေတဲ့ တိုင်းပြည်တွေဟာ တခြားတိုင်းပြည်တွေထက် ၂၀ ရာနှုန်းပိုပြီး ဆင်းရဲမွဲတေ ကြတယ်လို့လည်း ဆိုပါတယ်။

အစီရင်ခံစာ ရေးသားသူ ဆာရာ ကလစ်ဖ်က စစ်တပ်နဲ့ ရဲ အဖွဲ့ကောင်းတွေ တရားရေးစံနစ်ကောင်းတွေ ရှိတဲ့ တိုင်းပြည်တွေမှာ အကူအညီ အထောက်အပံ့တွေကို ပိုပြီး လွယ်လွယ်ကူကူ ရနိုင်ကြပါတယ်။ ပညာရေး အကူအညီ ကျန်းမာရေး အကူအညီတွေဟာ ပိုပြီးထိရောက်မှု ရှိတယ်လို့ ဆိုသွားတာဖြစ်ပါတယ်။

အတွေး အခေါ်အများစုဟာ အသစ်အဆန်းတွေတော့ မဟုတ်ကြပါဘူး။

ဗြိတိန်နိုင်ငံဟာ သူရဲ့ အကူအညီတွေကို ပဋိပက္ခဖြစ်ပွားရာ တိုင်းပြည်တွေဆီအာရုံ ရွေ့ပြောင်း ဆောင်ရွက်ခဲ့ပြီးပါပြီ။

တခြား တိုင်းပြည်တွေကလည်း ဗြိတိန်လို ရွှေ့ပြောင်း ဆောင်ရွက်ခဲ့ကြရင်တော့ အကူအညီတွေဟာ ကျောင်းတွေ ဆေးရုံတွေမှာထက် ရဲနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေဘက်မှာ အများအပြား ပိုမိုရောက်လာနိုင်စရာ ရှိပါတယ်။