Gbagbo လက်နက်ချ အဖမ်းခံပြီ

  • 12 ဧပြီ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption Gbagbo လက်နက်ချ အဖမ်းခံပြီ

အိုင်ဗရီကိုးစ် နိုင်ငံမှာ နိုဝင်ဘာလ တုန်းက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ မှာ ရှုံးခဲ့ပေမယ့် ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေတဲ့ လောရင့် ဘက်ဘိုကို ဖမ်းမိ ပြီးတဲ့နောက် အရေးယူဖို့ ဥပဒေကြောင်း အရ ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်နေပြီလို့ သူ့ပြိုင်ဘက်လည်းဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အဲလက်ဆန် ဝါတာရာက ပြောကြား လိုက်ပါတယ်။

မစ္စတာ ဘက်ဘိုဟာ အာဘဒ်ဂျန်မြို့က သူ့နေအိမ်ကို တပ်ဖွဲ့တွေ ဝိုင်းရံထားတာ ခံရပြီး နောက်ဆုံးတော့ လက်နက်ချခဲ့တာပါ။

မစ္စတာ ဘက်ဘို လုံခြုံရေး အတွက် လိုအပ်တာ အကုန် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်လို့ မစ္စတာ ဝါတာရာက ဆိုပါတယ်။

အကြမ်းဖက်မှုတွေ လက်တုန့်ပြန် ကလဲ့စားချေမှုတွေကြောင့် ဒုက္ခရောက် နေကြတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကို ပန်ကြားလိုတာကတော့ ဒီလုပ်ရပ်တွေကို ရပ်တန့်ကြပါ ၊ အမှန်တရားနဲ့ စေ့စပ် ညှိနှိုင်းရေး ကော်မရှင် တရပ် ဖွဲ့စည်းပြီး ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးသွားဖို့ လိုလားပါတယ်လို့ မစ္စတာ ဝါတာရာက ဆိုပါတယ်။

အိုင်ဗရီကိုးစ်က ပြည်တွင်းစစ်မှာ ကြမ်းကြုတ်ရက်စက်မှုတွေ အပေါ် ပြိုင်ဘက် သမ္မတ နှစ်ယောက်လုံးမှာ တာဝန်ရှိတယ်လို့ သတင်းထောက် တွေက ထောက်ပြ နေကြပါတယ်။

အိုင်ဗရီကိုးစ် နိုင်ငံမှာ သမ္မတ နေအိမ်ကို ပြင်သစ်တပ်ဖွဲ့တွေရဲ့ မြေပြင်နဲ့ ဝေဟင်က တိုက်ခိုက်မှု အပြင် ကုလသမဂ္ဂ ရဲ့ ရဟတ်ယာဉ်တွေနဲ့ အစွမ်းကို တိုက်ခိုက်ခဲ့ ပေမယ့်လည်း တကယ်တော့ မစ္စတာ ဘက်ဘိုကို သူတို့တပ်တွေက ဖမ်းဆီးလိုက်တာပါလို့ မစ္စတာ ဝါတာရာကို ထောက်ခံတဲ့ တပ်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption မစ္စတာ ဘက်ဘိုကို ရုံးတင် စစ်ဆေးတော့မယ်

မစ္စတာ ဘက်ဘိုကို ဖမ်းဆီးမှုမှာ သူတို့တပ်တွေ တိုက်ရိုက်ပါဝင် ပတ်သက်ခဲ့တယ် ဆိုတဲ့ ပြောကြားချက်တွေကို ပြင်သစ်တပ်တွေက ငြင်းဆိုလိုက်ပါတယ်။

အိုင်ဗရီကိုးစ်ဟာ ပြင်သစ်ရဲ့ လက်အောက်ခံ ကိုလိုနီ ဖြစ်ခဲ့ဘူးပြီး အခုလို မစ္စတာ ဘက်ဘိုကို ဖမ်းဆီးမှုမှာ ပြင်သစ်တပ်ဖွဲ့တွေ ပါဝင်ပတ်သက် တယ် ဆိုတဲ့ စွပ်စွဲမှုတွေက မစ္စတာ ဝါတာရာရဲ့ လုပ်ပိုင်ခွင့်တွေကို အထင်သေးသွားစရာ ဖြစ်နိုင်တယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အာဘဒ်ဂျန် မြို့ရဲ့ လမ်းတွေပေါ်မှာ ညအမှောင်ကျလာတာနဲ့ အမျှ သေနတ်သံတွေ ကြိုကြားကြိုကြား ကြားနေရပြီး မစ္စတာ ဘက်ဘိုကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက သူတို့ခေါင်းဆောင် အဖမ်းခံ လိုက်ရတာကို လက်ခံဖို့ ငြင်းဆန်နေတာကြောင့် ပစ်ခတ်နေတာလို့ သတင်းရရှိပါတယ်။