အီဂျစ်သမ္မတဟောင်း ကျန်းမားရေးဆိုးဝါး

  • 13 ဧပြီ 2011

ထိန်းသိမ်းစစ်ဆေးခံနေရတဲ့ အီဂျစ်သမ္မတဟောင်း ဟော့စနီမူဘာရက်ရဲ့ ကျန်းမာ ရေး အခြေနေဟာ စိုးရိမ်ရကြောင်း အီဂျစ်နိုင်ငံပိုင် သတင်းမီဒီယာက ကြေညာ သွားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့ ၂ လက ဖြစ်ခဲ့တဲ့ လူထု အုံကြွမှုကြီး ကြောင့် မစ္စတာမူဘာရက် ရာထူးကဆင်းခဲ့ရ

မစ္စတာ မူဘာရက်ရဲ့ နှစ် ၃၀ ကြာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့စဉ်အတွင်း အကတိလိုက်စားမှု၊ အာဏာ အလွဲသုံးစား လုပ်မှုတွေရှိခဲ့တယ်ဆိုတဲ့၊ စွပ်စွဲချက်တွေနဲ့ သူ့ကို ထိမ်းသိမ်းထားဖို့ အီဂျစ် နိုင်ငံရဲ့ နိုင်ငံတော် ရှေ့နေချုပ်က အမိန့်ထုတ်ပြန် ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအတွင်း မစ္စတာ မူဘာရတ် ဟာ နှလုံးရောဂါ ခံစားခဲ့ရတာကြောင့် သူ့ကို မနေ့က ဆေးရုံတင်လိုက် ရတာဖြစ်ပါတယ်။

သူ့ရဲ့ သား ၂ ဦးကိုလည်း ကိုင်ရိုအပြင်က အကျဉ်းထောင်တခုထဲ မှာ ထိန်းသိမ်းထားလိုက် ပါပြီ။ အီဂျစ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ လ က ပေါ်ပေါက်ခဲ့တဲ့ လူထု အုံကြွမှုကြီးကနေ မစ္စတာ မူဘာရက်ကို ရာထူးနေ ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။

သူတို့ဘယ်လောက်ချမ်းသာလဲ

သမ္မတဟောင်း မူဘာရက်နဲ့ သူ့မိသားစုဟာ အောက်ထစ် ဒေါ်လာ သန်း တစ်ထောင်ကနေ ဘီလျံ ဒေါ်လာ ၇၀ လောက် အထိ ရှိနိုင်တယ်လို့ တော့ ခန့်မှန်းမှုတွေ ရှိနေကြပါတယ်။

အမေရိကန် ထောက်လှမ်းရေးကတော့ အဲဒီ ခန့်မှန်းချက်တွေရဲ့ အောက်ဆုံးနားလောက် ဖြစ်တဲ့ ဒေါ်လာ ၅ ဘီလျံတော့ မကျော်ဘူးလို့ ခန့်မှန်းထားပါတယ်။

အီဂျစ် နိုင်ငံ အတွင်းမှာ မစ္စတာမူဘာရက်ကို ဆန့်ကျင်သူတွေက သူတို့ရဲ့ ကြွယ်ဝမှုဟာ အိုးအိမ်မြေယာတွေနဲ့ ပတ်သက်တဲ့ အပေးအယူ ကိစ္စတွေကနေ ရခဲ့တာလို့ ပြောကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ် လောက်က သဲကန္တာရ အတွင်းမှာရော အီဂျစ် နိုင်ငံက အဓိက မြို့ကြီးတွေ ဝန်းကျင်မှာပါ မြေလွတ်တွေကို တန်ဖိုးရှိ အိမ်ယာတွေ အဖြစ် ပြောင်းလဲ ပစ်ခဲ့ ပါတယ်။

မစ္စတာမူဘာရက်ရဲ့ မိသားစုနဲ့ အဆက်အသွယ်ရှိကြသူ အိမ်ယာဆောက်လုပ်ရေး လုပ်ငန်း ရှင် တွေက သူတို့ကို ငွေကြေး အမြောက်အများ လာဘ်ထိုးခြင်း အားဖြင့် အပြန်အလှန် အနေနဲ့ လုပ်ငန်းရှင်ကြီးတွေက မြေနေရာ အများကြီးကို အလကား (သို့မဟုတ်) အလကား နီးပါးလောက် ရခဲ့ကြတယ် ဆိုတဲ့ ပြောဆိုမှု တွေလည်း ရှိနေပါတယ်။

Sinai မြို့နဲ့ ပင်လယ်နီကမ်းခြေ တလျှောက် ဟိုတယ်ကြီးတွေ၊ အပန်းဖြေစခန်းတွေ ဆောက် လုပ်ရာ မှာလည်း အလားတူ လုပ်ဆောင်မှုတွေ ရှိခဲ့တယ်လို့ ဆိုကြ ပါတယ်။

သားနှစ်ဦးရဲ့ စီးပွားရေး

ဓာတ်ပုံ မူပိုင် AP
Image caption မူဘာရက်ရဲ့သား Gamal ဟာ မတရား ရယူထား တာတွေ ရှိတယ်လို့ စွပ်စွဲမှုတွေရှိ

တခါ တခြား စွပ်စွဲချက်တွေထဲမှာလည်း မစ္စတာ မူဘာရက်ရဲ့ သားနှစ်ယောက် ဖြစ်တဲ့ Gamal နဲ့ Ala တို့က အီဂျစ် ကုမ္ပဏီတွေကို ဖိအားပေးပြီး ရှယ်ယာတွေကို ပေါက်စျေး မပေးဘဲ ရယူခဲ့ကြ တယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့ အဲဒီ ညီအစ်ကို နှစ်ယောက်ဟာ တရား ဝင် စီးပွားရေး လုပ်ငန်းတွေ ရှိနေကြတယ် ဆိုတာကလည်း ထင်ရှား နေပြန်ပါတယ်။

ဒါပေမဲ့ Gamal က အီဂျစ် စီးပွားရေး နယ်ပယ် အသီးသီးမှာ နိုင်ငံရဲ့ စည်းမျဉ်း စည်းကမ်း တွေ လျှော့ပေါ့ပေးပြီး ပုဂ္ဂလိက အဖြစ် ပြောင်းလဲ ရေးမှာ အနီးကပ်ပါဝင် လုပ်ဆောင်ခဲ့သူ လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ သူတို့မိတ်ဆွေတွေ အပေါင်း အပါတွေနဲ့ အတူ တရားမဝင် တဲ့နည်းနဲ့ ရယူ ထားတာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကိုတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ အခုဖြစ်ရပ်ဟာ အာရပ်ကမ္ဘာက ခေါင်းဆောင်ဟောင်း တဦးအတွက် ဘယ်လိုမှ တွေးထင် မထားတဲ့ အလှည့်အပြောင်း တခု ဖြစ်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါ တယ်။