သူဌေးတွေ အခွန် ပိုကြပ်ဖို့ အိုဘားမားပြော

  • 14 ဧပြီ 2011
Obama ဓာတ်ပုံ မူပိုင် AP
Image caption ဘတ်ဂျက် လျှော့ချရေး အစီအစဉ် အိုဘားမား ကြေငြာ

အမေရိကန် သမ္မတ အိုဘားမားက နိုင်ငံရဲ့ ဘတ်ဂျက် လိုငွေ ပြမှုကို လျှော့ချဖို့ အစီ အစဉ်တွေကို ဂျော့ဝါရှင်တန် တက္ကသိုလ်မှာ မိန့်ခွန်း ပြောကြားရာမှာ အဆို ပြုခဲ့ ပါတယ်။

အမေရိကန် အစိုးရရဲ့ လက်ရှိ အကြွေးဟာ ထရီလီယံ လေးဆယ် သန်းပေါင်း သန်းလေး ဆယ် ရှိတဲ့အပြင် နှစ်စဉ် ဝင်ငွေထက် ပိုသုံးနေတဲ့အတွက် ကြွေးထုတ်ကြီးက ကြီးသထက် ကြီးလာနေပါတယ်။

ဒီနှစ် တနှစ်ထဲမှာ အစိုးရဟာ ဝင်ငွေထက် ဒေါ်လာ တစ်ထရီလီယံ သန်းပေါင်း တသန်း ပိုသုံးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

အမေရိကန် အနေနဲ့ ဒီလောက်များတဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ နေနေသာသာ လျှော့ချဖို့ လေးလေးနက်နက် လုပ်ရမှာပါ။

မဟုတ်ရင် IMF ခုရက်ပိုင်း အတွင်းက သတိ ပေးသလို ဧရာမ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ တချိန်မဟုတ် တချိန် ရင်ဆိုင်ရဖွယ် ရှိပါတယ်။

အိုဘားမား ချပြတဲ့ အစီ အစဉ်အရ လာမဲ့ ဆယ့်နှစ်နှစ် အတွင်းမှာ စုစုပေါင်း ဘတ်ဂျက် လိုငွေ ပြမှုကို လေးထရီလီယံ ဒေါ်လာ သန်းပေါင်း လေးသန်းထိ လျော့ကျစေမဲ့ သင့်တင့်မျှတတဲ့ အစီအစဉ်တခုကို အဆိုပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပထမ တချက်အနေနဲ့ ပါတီ နှစ်ခု စလုံးက သဘောတူထားတဲ့ အသုံးစရိတ် လျှော့ချရေး အစီအစဉ်တွေကို ဆက်ဖော်ဆောင်သွားမှာ ဖြစ်ပြီး နောက်တချက် အနေနဲ့ ချမ်းသာတဲ့ လူတွေဆီက အခွန်တိုးကောက်မယ်လို့ ဆိုပါတယ်။

သန်းကြွယ် သူဌေးတွေအတွက် ဒေါ်လာသန်း တသန်းဖိုး အခွန် သက်သာစေမယ့် အစီအစဉ်ကို မနှစ်က ရီပတ်ဗလစ်ကန်တွေရဲ့ ဖိအားကို မလွန်ဆန်နိုင်လို့ လိုက်လျော ခဲ့ရပေမယ့် ဒီနှစ်မှာတော့ ဒီအစီအစဉ်ကို သက်တမ်း ထပ်မတိုးတော့ဘူးလို့ ပြောပါတယ်။

အမေရိကန်ရဲ့ ကြွေးထုတ်ကြီးကို လျှော့ချဖို့ ကိစ္စဟာ ဦးစားပေး လုပ်ဆောင်ရမဲ့ အလုပ် ဆိုတာကို နိုင်ငံရေး ပါတီ နှစ်ခု စလုံးက သဘောတူကြပြီး ဒီကိစ္စဟာ ၂၀၁၂ နှစ်ကုန် သမ္မတ ရွေးကောက်ပွဲမှာ အဓိက အငြင်းအခုံ ဖြစ်မဲ့ ကိစ္စ ဖြစ်လာနိုင်ပါတယ်။

အိုဘားမားက ခုပြောခဲ့သလို အသုံးစရိတ် လျှော့ချတာရော၊ ပိုက်ဆံ ချမ်းသာတဲ့ လူတွေဆီက အခွန် တိုးကောက်တာပါ လုပ်ဖို့ အကြမ်း အဆိုပြုထားပေမယ့် အသေးစိတ်ကတော့ ခုမိန့်ခွန်းမှာ ပါမလာခဲ့ပါဘူး။

တဘက်မှာ ရီပတ်ဗလင်ကန်တွေကတော့ ပိုက်ဆံ ချမ်းသာတဲ့လူတွေကို အခွန် သက်သာ အောင် လုပ်ပေးလို့ ပိုချမ်းသာလာရင် သူတို့ရဲ့ စားသုံးမှု တိုးလာတာကနေ တိုင်းပြည်လည်း အကျိုးရှိမယ်လို့ ထောက်ပြပြီး အဲ့သလိုသာ အခွန်လျှော့ကောက်မယ်ဆိုရင် အိုဘားမားပြောတဲ့ အစီအစဉ်ထက် အကြွေးတွေကို ပိုတောင် လျှော့နိုင်မယ်လို့ ဆိုနေပါတယ်။