လစ်ဗျားစစ်ဆင်ရေးအတွက် နေတိုးအစည်းအဝေး

  • 14 ဧပြီ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တက်ကြွစွာ ပါဝင်ရေးကို ဗြိတိန်နဲ့ ပြင်သစ်တို့စည်းရုံး

ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပနေတဲ့ နေတိုးမဟာမိတ်အဖွဲ့ အစည်းအဝေးမှာ နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် အန်ဒါဖို့ ရာမူဆန်က လစ်ဗျားပြည်သူတွေကို အကာအကွယ်ပေးမယ်လို့ ထပ်မံ ကတိပြု ခဲ့ပြီး၊ စစ်ဆင်ရေးအတွက် လိုအပ်ချက် တွေကို အပြည့်အဝ ဖြည့်ဆည်းပေးသွား မယ်လို့ ပြောကြားသွားပါတယ်။

လစ်ဗျားအစိုးရအအပေါ် လေကြောင်းတိုက်ခိုက် မှု တွေမှာ နေတိုးအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တက်တက်ကြွကြွ ပါဝင်ကြဖို့ကို ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က အစည်အဝေးမှာ ကြိုးစား ဖျောင်းဖျနေကြပါတယ်။

အကြောင်းကတော့ ကဒါဖီရဲ့တပ်ဖွဲ့တွေနဲ့ သူပုန် တွေအကြား တိုက်ခိုက်မှုတွေဟာ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေမျိုးတွေ ဖြစ်လာ နေတာကြောင့်ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က နေတိုးအဖွဲ့အနေနဲ့ မိမိတို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အခိုင်အမာ ရပ်တည်ပြီး၊ ဗိုလ်မှူးကြီးကဒါဖီကို ညီညီညွတ်ညွတ် ဆန့်ကျင် သွားသင့်ကြောင်း ပြောပါတယ်။

ဒါပေမဲ့လို့ အမေရိကန်အနေနဲ့ ကဒါဖီရဲ့ မြေပြင်တပ်ဖွဲ့တွေကို ပြန်တိုက်ဖို့ အဆင်သင့်ဖြစ်၊ မဖြစ်ဆိုတာကိုတော့ သူက ဘာမှ ရည်ညွှန်းပြောကြားသွားခြင်း မရှိပါဘူး။

စပိန်အနေနဲ့ကတော့ ထောက်ပို့ အကူအညီ ဆက်ပေးသွားမယ်လို့ သဘောတူခဲ့ပြီး၊ တိုက်ခိုက် မှု တွေမှာတော့ တိုက်ရိုက်ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မစ်စရာတာမြို့ အဝိုင်းခံနေရ

ဓာတ်ပုံ မူပိုင် AFP
Image caption မစ်စရာတာမြို့ကို ကဒါဖီတပ်တွေက ဝိုင်းထား ပါတယ်

နေတိုးအဖွဲ့ ဝန်ကြီးတွေဟာ လစ်ဗျား အရေးနဲ့ ပတ်သက်ပြီး အခုလို ဆွေးနွေးနေကြတဲ့ တချိန် တည်းမှာပဲ လစ်ဗျားနိုင်ငံတောင်ပိုင်းက အဝိုင်းခံ ထားရတဲ့ မစ်စရာတာမြို့မှာ တိုက်ပွဲတွေ ပိုဖြစ် လာနေတယ်လို့ လစ်ဗျားသူပုန်တွေက ပြောပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီကို သစ္စာခံတဲ့တပ်ဖွဲ့တွေက မြို့ထဲကို ရောကက်ပေါင်း မြောက်မြားစွာနဲ့ ပစ်ခတ်ခဲ့လို့ လူပေါင်း ၂၀ ကျော် သေဆုံးသွား တယ်လို့ သူပုန်ပြောခွင့်ရသူက ဆိုပါတယ်။

သူပုန်တွေက နေတိုးတပ်ဖွဲ့တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်ဖို့ကို မေတ္တာရပ်ခံ နေပါတယ်။

အထူးသဖြင့်တော့ မစ်စရာတာမြို့ကို ဝိုင်းပိတ်ထားတဲ့ အစိုးရတပ်တွေကို အဓိကထား ပစ်ခတ် ဖို့ ဖြစ်ပါတယ်။

အဲဒီလို ကူ မပစ်ရင်တော့ အစုလိုက်အပြုံလိုက်သေကြေမှုတွေ ဖြစ်ကုန်လိမ့်မယ်လို့ သူပုန်တွေ က သတိပေးထားပါတယ်။

BRICS အဖွဲ့က နေတိုးအဖွဲ့ကို ရှုတ်ချ

ဓာတ်ပုံ မူပိုင် REUTERS
Image caption လစ်ဗျားအရပ်သားတွေ ထိခိုက်မှုတွေရှိနေတာ နဲ့ ပတ်သက်ပြီး BRICS အဖွဲ့က စိုးရိမ်

ကမ္ဘာ့ပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာ နေတဲ့ နိုင်ငံ ၅ ခု စုဖွဲ့ထားတဲ့ BRICS အဖွဲ့က လစ်ဗျားနိုင်ငံပေါ် နေတိုးအဖွဲ့ရဲ့ အရေးယူ ဆောင်ရွက်မှုတွေ အပေါ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

လစ်ဗျားအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက်ထဲမှာ စစ်တပ်ဖွဲ့တွေကို အသုံးပြုဖို့ ခွင့်မပြုထားကြောင်းနဲ့ ဒီအတွက် အရပ်သားတွေ ထိခိုက်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီး BRICS အဖွဲ့က စိုးရိမ်ကြောင်း ရုရှားသမ္မတ မက်ဗီရေးဒက်က တရုတ်နိုင်ငံ တောင်ပိုင်းမှာ မနေ့က ပြုလုပ်တဲ့ BRICS အဖွဲ့ရဲ့ တရက်ကြာ ထိပ်သီးအစည်းအဝေး နောက်ဆုံးမှာ ပြောကြားသွားပါတယ်။

BRICS အဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတို့နဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ထဲက တောင်အာဖရိက နိုင်ငံကတော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ တာ ဖြစ်ပါတယ်။

တရုတ်သမ္မတ ဟူချင်တောင် ကတော့ ကျယ်ကျယ်ပြန့်ပြန့် အားလုံးကိုကိုယ်စားပြုမယ့် ကမ္ဘာ့ ဘဏ္ဍာရေးစနစ် ဖြစ်ပေါ်လာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။