မင်္ဂလာပွဲနဲ့ ပတ်သက်လို့ မေးလာသမျှ

  • 15 ဧပြီ 2011

မင်းသား ဝီလျံနဲ့ ကိတ် မစ်ဒယ်လ်တန်တို့ရဲ့ ဧပြီလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ကမ္ဘာအဝန်းက သိလိုသူတွေရဲ့ အမေးကို ဘီဘီစီ တော်ဝင်မိသားစုရေးရာ သတင်းထောက် ပီတာဟန့်က ဖြေကြားထားပါတယ်။

မေး၊ နာမည်ကျော်တွေထဲက ဘယ်သူတွေကို မင်္ဂလာပွဲတက်ဖို့ ဖိတ်ထားပါသလဲ။

ဓာတ်ပုံ မူပိုင် PA
Image caption နန်းတော် တော်ဝင် မြင်းသည်တော် တပ်ဖွဲ့တွေလဲ လေ့ကျင့်

ဖြေ၊ ဧည့်သည်စာရင်းအပြည့်အစုံကိုတော့ မထုတ်ပြန်ထားလို့ မသိရပါဘူး၊ ဒါပေမယ့် ဝက်စမင်မတာ ဘုရားကျောင်းကြီးထဲက အခမ်းအနားကိုတက်ဖို့တော့ နာမည်ကျော် အင်္ဂလန်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း နဲ့ သူ့ဇနီး ဗစ်တိုးရီးယား၊ နောက်ပြီး အဆိုတော် ကြီး ဆာ အယ်လ်တန်ဂျွန်နဲ့ သူ့အဖော် ဒေးဗစ် ဖာနစ်ရှ် တို့ကို ဖိတ်ထားတယ်လို့ သိရပါတယ်။ ပွဲရက်နီးလာရင်တော့ လူစာရင်းကိုပိုသိရမှာပါ။ အားကစားသမားတွေနဲ့ အဆိုတော်တွေ သရုပ် ဆောင် တွေလဲ ဖိတ်တဲ့ အထဲမှာ ပါနိုင်ပါတယ်။ ဝီလျံမင်းသားရဲ့ မိခင် ဒိုင်ယာနာမင်းသမီး ကွယ်လွန်တာ ၁၀ နှစ်ပြည့်တဲ့ အထိမ်းအမှတ် ပွဲမှာပါဝင် ဖြေဖျော်ခဲ့တဲ့ ဗြိတိသျှ အဆိုတော် မလေး ဂျော့စတုန်းလဲ အဖိတ်ခံရနိုင်ပါတယ်။

မေး၊ တခြားကော ဖိတ်ကြားခံရသူတွေကို ဘယ်လို ရွေးခဲ့တာပါလဲ။

ဖြေ၊ သတို့သား နဲ့ သူတို့သမီး နှစ်ယောက်ကပဲ သူတို့ မင်္ဂလာပွဲ အစီအစဉ်တွေကို ကြီးကြပ် လုပ်ကိုင်နေကြတာပါ၊ ဘယ်သူကို ဖိတ်မယ်ဆိုတာလဲ သူတို့ကပဲ အဓိက ရွေးကြပါတယ်။ ဘုရားကျောင်းထဲက အခမ်းအနားကို တက်ကြမည့် ဧည့်သည် ၁၉၀၀ ထဲမှာတော့ တော်ဝင် မိသားစုဝင်တွေ၊ ဓနသဟာယ အဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးချုပ်တွေ နဲ့ မင်္ဂလာမောင်နှံရဲ့ အရင်းအနှီးဆုံး မိတ်ဆွေတွေ ပါကြမှာပါ။ မင်းသားဝီလျံ ကူညီပေးခဲ့ဖူးတဲ့ ပရဟိတအဖွဲ့ တွေက အမှုဆောင်တွေလဲ တက်ကြမှာပါ။ ထူးခြားတာကတော့ တော်ဝင်မင်္ဂလာပွဲကို သတို့သမီး ကိတ်ရဲ့ မွေးဇာတိ ဘတ်ကယ်ဘူရီရွာက အသားဆိုင်ပိုင်ရှင်နဲ့ စာပို့သမားတို့ လည်း ဖိတ်ခံထားရပါတယ်။

မေး၊ လက်ထပ်ပွဲ အခမ်းအနားမှာ သူတို့သား မင်းသားဝီလျံရဲ့ မိခင် ကွယ်လွန်သူ ဒိုင်ယာနာမင်းသမီးကို အမှတ်တရ ဂုဏ်ပြုတဲ့ အစီအစဉ် ပါဝင်မှာလား။

ဖြေ၊ မင်းသား ဝီလျံက ချစ်သူ ကိတ်ကို စေ့စပ်လက်စွပ်အဖြစ် သူ့မိခင် ဒိုင်ယာနာ မင်းသမီးရဲ့ နီလာ လက်စွပ်ကြီးကို ပေးခဲ့ပါတယ်။ ဒါကလဲ သူ့မိခင်ကို အနီးဆုံးမှာ ရှိနေ အောင်လို့လို့ ပြောခဲ့ပါတယ်။ ဝီလျံ နဲ့ ကိတ်ကို လက်ထပ်ပေးမဲ့ ဘုန်းတော်ကြီး ရစ်ချတ် ချာတာက သူ့ တရားထဲမှာ ဒိုင်ယာနာကို ရည်ညွှန်းပြီး အမှတ်တရ ပြောတာမပါခဲ့ရင် တခြား သီးသန့် အမှတ်တရ အစီအစဉ်တော့ လုပ်ဖို့မရှိဘူးလို့ သိရပါတယ်။ ထိမ်းမြားလက်ထပ်မယ့် အစီအစဉ်ကတော့ အင်္ဂလီကန်ဘာသာရေး ဓလေ့ထုံးစံတွေ အတိုင်း လုပ်မှာဖြစ်ပါတယ်။

မေး၊ တော်ဝင်မင်္ဂလာပွဲတခုလုံးဟာ တိုင်းပြည် ဘဏ္ဍာထဲက ဘယ်လောက် ကုန်ကျ မှာပါလဲ။

ဖြေ၊ နေရာတကာမှာ ခြိုးခြံချွေတာရေးတွေ လုပ်နေရချိန်မှာ ဗြိတိန်ရဲ့ အနာဂတ် ဘုရင်လောင်း နဲ့ မိဖုရားလောင်းတို့ရဲ့ မင်္ဂလာပွဲကတော့ ထိုက်ထိုက်တန်တန် ခမ်းခမ်းနားနား ဖြစ်ရမှာပါ။ ဒါပေမယ့် သိပ်ပြီး အလွန်အကျွံ ကြီးကြီးကျယ်ကျယ်ကြီး မဖြစ်အောင်လဲ သတိ ထား နေပုံရပါတယ်။ ဒါကြောင့် ကုန်ကျစရိတ် အများစုကို ဘုရင်မကြီးရယ်၊ သတို့သားရဲ့ ဖခင် ဝေလမင်းသား ချားလ်စ် ရယ်၊ သတို့သမီးဖက်ကရယ် အကုန်အကျခံကြမယ်လို့ သိရ ပါတယ်။ ဒါပေမယ့် ဒီပွဲကြီးအတွက် လုံခြုံရေးကုန်ကျစရိတ်တွေကိုတော့ ပြည်သူ့ဘဏ္ဍာ ထဲက ကျခံရမှာပါ၊ ဒီ စရိတ်ကလဲ မသေးပါဘူး၊ ဒါပေမဲ့ ဘယ်လောက်လဲ ဆိုတာကိုတော့ မထုတ်ပြန်လို့ မသိရပါဘူး။ သိရတာကတော့ တော်ဝင်မိသားစုဝင်တွေ၊ ထိပ်တန်း နိုင်ငံရေး သမားတွေ၊ အရေးကြီး ပုဂ္ဂိုလ်တွေနဲ့ သံတမန်တွေ အတွက် လုံခြုံရေး ယူပေးရတဲ့ စရိတ်က တနှစ်ကို ပေါင် ၁၂၈ သန်း ရှိတယ်ဆိုတာပါပဲ။

မေး၊ မင်္ဂလာ ကိတ်မုန့်တွေကို ဘယ်သူတွေ စားရမှာပါလဲ။ ပြည်သူ လူထုထဲကရော စားခွင့်ရမှာလား။

ဓာတ်ပုံ မူပိုင် afp
Image caption မင်္ဂလာမောင်နှံ အထိမ်းအမှတ် အရုပ် နဲ့ ကိတ်မုန့်

ဖြေ၊ မင်္ဂလာကိတ်မုန့် စားချင်သူတွေ များနေတဲ့ အတွက် ကိတ်မုန့်က တလုံးမက လုပ်ရမယ် ထင်ပါတယ်။ ဘတ်ကင်ဟမ် နန်းတော်ကြီးထဲက ဧည့်ခံပွဲကို တက်ကြမဲ့ ဧည့်သည် ၆၅၀ စလုံး ကတော့ အထပ်ထပ် လုပ်ထားပြီး သကြားခဲ အုပ်ထားတဲ့ သစ်သီးကိတ်က အတုံးလေးတွေ တစ်ယောက်တတုံးစီ စားရမှာပါ။ မလှီးခင် အဲဒီ ကိတ်မုန့်ကြီးကိုလဲ နန်းတော်ထဲမှာ ပြသထားဦး မှာပါ။ မင်္ဂလာပွဲလာမတက်နိုင်တဲ့၊ တက်ရောက် ခွင့် မရတဲ့ လူတွေထဲက မင်္ဂလာမောင်နှံနဲ့ ရင်းနှီး ပတ်သက်ခဲ့သူတွေ၊ မင်္ဂလာပွဲကို ဝိုင်းဝန်း ပံ့ပိုးပေးခဲ့သူတွေဆီကိုလဲ ကိတ်မုန့်အတုံးလေးတွေ ကို ပို့ပေးဦးမယ်လို့ သိရပါတယ်။

ဘီဘီစီ တော်ဝင်မိသားစုဆိုင်ရာ သတင်းထောက် ပီတာဟန့်က မေးလာသမျှတွေ ဖြေပေးနေ ပါတယ်။ အင်္ဂလိပ်လို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။