သူတို့ သမီး ကိတ်မစ်ဒယ်လ်တန်

  • 15 ဧပြီ 2011
Kate Middleton
Image caption မိုဒယ် ကိတ်

ကက်သရင်း မစ်ဒယ်လ်တန်ကို အင်္ဂလန် ပြည် အရှေ့တောင်ပိုင်း ဘာ့က်ရှိုင်းယား ဒေသက ဘတ်ကယ်ဘယ်ရီရွာမှာ လူလတ် တန်းစား မိသားစုက ၁၉၈၂ ခုနှစ်မှာ မွေးဖွား ခဲ့တာပါ။ သူ့ဇာတိ ဘာ့က်ရှိုင်းယား ကတော့ တော်ဝင်မိသားစုရဲ့ စံအိမ် ဝင်ဆာ နန်းတော်ကြီးကြောင့် ထင်ရှားပါတယ်။

ကိတ်ဟာ မောင်နှမသုံးယောက်ထဲမှာ အကြီးဆုံး ပါ။

သူ့မိဘတွေ ဖြစ်တဲ့ မိုက်ကယ် နဲ့ ကာရိုလိုင်း မစ်ဒယ်လတန်တို့က အိမ်ဘေးက ဂိုဒေါင်ထဲမှာ အလုပ်ရုံဖွင့်ပြီး ကလေးကစားစရာ အရုပ်တွေ နဲ့ ဂိမ်းတွေကို မှာယူသူတွေကို စာတိုက်က ပို့ပေးတဲ့ လုပ်ငန်း လုပ်ကြပါတယ်။

သူဟာ လူချမ်းသာတွေတက်တဲ့ မားလ်ဘာရားကောလိပ်မှာ ပညာသင်ခဲ့ပြီး တက္ကသိုလ်တက် တော့ ယူကေရဲ့ နာမည်အကြီးဆုံး ကျောင်းကြီးတခု ဖြစ်တဲ့ စကော့တလန်က စိန့်အင်ဒရူးစ် တက္ကသိုလ်မှာ အနုပညာသမိုင်း အဓိကနဲ့ သင်ယူခဲ့ပါတယ်။

အဲဒီ တက္ကသိုလ်မှာပဲ ၂၀၀၁ ခုနှစ်မှာ သူဟာ မင်းသား ဝီလျံနဲ့ တွေ့ခဲ့တာပါ။ သူတို့ နှစ်ယောက် တခြားကျောင်းသား သူငယ်ချင်းတွေနဲ့ စုပြီး အိမ်တလုံး ငှားနေခဲ့ကြပါတယ်။

ကိတ်ဟာ ကျောင်းမှာတော့ လူချစ်လူခင်များသူတယောက်ဖြစ်ပြီး သူငယ်ချင်းတွေက သူဟာ ဉာဏ်ကောင်းပြီး စွယ်စုံအရည်အချင်းရှိသူ၊ တီထွင်ဖန်တီးတတ်ပြီး အားကစားမှာလည်း ထူးချွန်သူလို့ ပြောကြပါတယ်။

ကိတ်ဟာ ကျောင်း ဟော်ကီအသင်းရဲ့ ကပ္ပတိန်လည်း ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service

၂၀၀၂ ခုနှစ်မှာ ပရဟိတ အဖွဲ့တခုရဲ့ ရံပုံငွေပွဲ အတွက် ကိတ်ဟာ ပါးလွှာတဲ့ အဝတ်ကို ဝတ်ပြီး စံပြမော်ဒယ် အဖြစ် မော်ဒယ်လျှောက်လမ်း ပေါ်မှာလဲ လျှောက်ခဲ့ဖူးပါတယ်။ အဲဒီပွဲကို မင်းသား ဝီလျံလဲ တက်ခဲ့တာတွေ့ရပါတယ်။

ကိတ်ဟာ ဘွဲ့ရပြီးတဲ့ အချိန်မှာ အမျိုးသမီး အသုံးအဆောင်တွေ ဖက်ရှင်တွေ ရောင်းတဲ့ Jigsaw စတိုးဆိုင်ကြီးမှာ အဝယ်တော်လဲ လုပ်ခဲ့ပါတယ်။

နောက်မှ ပါတီပွဲ အမျိုးမျိုး အတွက် ပစ္စည်းတွေ အွန်လိုင်းက ရောင်းချပေးတဲ့ သူ့မိသားစုရဲ့ Party Pieces ဆိုတဲ့ လုပ်ငန်းမှာ ဝင်လုပ်ကိုင်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံက စကီးနှင်းလျှောစီး အပန်းဖြေစခန်းမှာ ကိတ်ကို မင်းသား ဝီလျံ နဲ့ အတူ တွဲပြီး တွေ့ခဲ့ရပြီးတဲ့နောက် သူတို့ရဲ့ အချစ်ဇာတ်လမ်းကို မီဒီယာတွေက ပိုပြီး အာရုံစိုက်လာကြပါတယ်။

ဝီလျံရဲ့ နန်းတော်က တာဝန်ရှိသူတွေက ဒီအချစ်ဇာတ်လမ်းအကြောင်း ငြင်းခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာ ဝီလျံမင်းသား ဆန်းဟတ်စစ်တက္ကသိုလ်ကနေ ကျောင်းဆင်းပြီး အရာရှိအဖြစ် ခန့်အပ်ခံရတဲ့ ပွဲကို ကိတ်နဲ့ သူ့မိခင်တို့ လာတက်ခဲ့ကြတာတွေ့ရပြီးတဲ့ အခါမှာတော့ သူတို့ နှစ်ယောက် တကယ်တန်းတွဲနေကြပြီလို့ အားလုံးက ယုံကြည်လက်ခံ သွားကြပါတယ်။

သာမန်အရပ်သူလေး ဘဝကနေ တော်ဝင်မိသားစုဝင်ဖြစ်လာတော့မယ် ကိတ်ကို မီဒီယာတွေ ကလဲ သွားလေရာလိုက်လို့ ဓာတ်ပုံရိုက်ကြတဲ့ အတွက် လွတ်လပ်မှုတွေ ဆုံးရှုံးကုန်ရတယ် လို့လဲ သူနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

အဲဒီ စိတ်ဖိစီးစရာတွေကပဲ ကိတ်နဲ့ ဝီလျံတို့ ၂၀၀၇ တုန်းက ခွဲခွါခဲ့ကြတဲ့ အခြအနေကို ရောက်သွားစေခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာ မင်းသား ဝီလျံ လေတပ်အရာရှိ အဖြစ် လေယာဉ်ပျံသန်းခွင့် ရတဲ့ အခမ်းအနားကိုတော့ ကိတ် တယောက်တက်လာပြန်တာတွေ့ရပါတယ်။

ဒီလိုနဲ့ပဲ ၂၀၁၀ ခုနှစ်ထဲမှာ ဝီလျံက သူနဲ့ ကိတ်တို့ ချစ်သူတွေဖြစ်ကြပါတယ်။ စေ့စပ်လိုက်ပါပြီ ဆိုတာကို တရားဝင်ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

Image caption အတူတက်ခဲ့တဲ့ St Andrews တက္ကသိုလ်ကို အမှတ်တရ ပြန်ရောက်ကြစဉ်

ချစ်သူနှစ်ဦးရဲ့ မင်္ဂလာပွဲက ဧပြီ ၂၉ ရက်မှာ ကျင်းပတော့မှာပါ။ ဝီလျံမင်းသားရဲ့ မိခင် ဒိုင်ယာနာမင်းသမီးကတော့ ပြည်သူ့အချစ်တော် ဖြစ်ခဲ့ပါတယ်။ ဝီလျံက သူ့ကြင်ယာကိုလဲ ပြည်သူတွေက ချစ်ခင်ကြဖို့ လိုလားနေတယ်လို့ သိရပါတယ်။

ကိတ်မစ်ဒယ်လ်တန်ဟာ သာမန်အရပ်သူ ကလေး ဘဝက လာတာမို့ သာမန်လူထုနဲ့ အများကြီး အနေနီးစပ်ပါတယ်။ ဒီဖက်ခေတ်မှာ ကြီးပြင်းခဲ့သူ လူငယ်တဦးမို့လည်း ခေတ်ကို နားလည်တဲ့ တော်ဝင်မိသားစုဝင် တဦးဖြစ်လာမှာပါ။

ဗြိတိန်တနိုင်ငံလုံးကတော့လဲ အနာဂတ် ဘုရင်လောင်းရဲ့ ကြင်ယာတော် မိဖုရားလောင်းကို စိတ်ဝင်တစား ချစ်ခင်မှုနဲ့ စောင့်ကြည့်နေကြပါတယ်။

ကိတ်မစ်ဒယ်လတန် အကြောင်း အင်္ဂလိပ်လို ဖတ်ချင်ရင်