အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တောင်ကိုရီးယားရောက်

  • 16 ဧပြီ 2011
ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ၆ နိုင်ငံ ဆွေးနွေးပွဲတွေ ပြန်စချင်နေပါတယ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြောက်ကိုးရီးယား နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အတွက် တောင်ကိုးရီးယားမှာ​ ရောက်ရှိနေတယ်။

မစ္စစ်ကလင်တာနဲ့ တောင်ကိုးရီးယား သမ္မတ လီမြှောင်ဘက်တို့ဟာ ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ရေးအတွက် ၆ နိုင်ငံ ဆွေးနွေးပွဲတွေ ပြန်ဖြစ်လာ စေချင်နေပါတယ်။

၂၀၀၉ ခုနှစ်တုန်းက မြောက်ကိုးရီးယားကနေ ဂျပန်ရေပိုင်နက်ဘက်ကို ဒုံးကျည်တလုံး ပစ်ခတ်ခဲ့ပြီး နောက်ပိုင်း ဆေ့စပ်ဆွေးနွေးမှုတွေ ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ ပြန်စရေး အတွက် အခု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မှာ အကြုံပြုချက်တခု ပါလာပါတယ်။ ပထမအဆင့် အနေနဲ့ ကိုးရီးယား ၂ နိုင်ငံ က အရင် ဆွေးနွေးရေးဆိုတဲ့ တရုတ်တို့ရဲ့ တင်ပြချက်ကို အောင်မြင်အောင် ကြိုးစားဖို့ပါ။

တခြားနည်းလမ်းတွေ အများအပြားရှိတဲ့အထဲက ဒီနည်းလမ်းဟာ တခု ဖြစ်ပါတယ်။ တောင်ကိုရီးယားအရာရှိတွေက သူတို့ဆွေးနွေးမယ်လို့ ပြောပေမယ့် ဆွေးနွေးပွဲတက်ဖို့က အမြဲတမ်း အခက်အခဲတွေ ရှိနေပါတယ်။

မြောက်ကိုးရီးယားတို့အနေနဲ့ ဆွေးနွေးပွဲ မစခင် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပြင်ဆင်မှုမျိုး ကို တွေ့ချင်တယ်လို့ တောင်ကိုရီးယားက အခိုင်အမာပြောပါတယ်။

နှစ်ဘက်ဆွေးနွေးပွဲဟာ အလုပ်ဖြစ်နိုင်တယ်လို့ အားလုံးက သဘောတူကြရင်တောင် မြောက်ကိုရီးယားတို့ အနေနဲ့ ဆွေးနွေးပွဲထိုင်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ အထောက် အထား လိုတယ်လို့ တောင်ကိုးရီးယားကပြောပါတယ်။

ဒီလိုတောင်ကိုးရီးယားတို့ သဘောထား တင်းမာနေရတာကလဲ ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်ခဲ့တာနဲ့ တောင်ကိုရီးယား ကျွန်းတကျွန်းကို အမြှောက် နဲ့ ပစ်ခတ်ခဲ့တာတွေကြောင့် ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှု ၂ ခု စလုံးကို သူတို့ရန်စတာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ငြင်းပါတယ်။

ဒီလို ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေ ဆက်ပြီး ဖြစ်နေတဲ့အတွက် အမေရိကန် အစိုးရ ဟာ ထွက်ပေါက်တခု ရှာဖွေနေတဲ့ လက္ခဏာဘဲလို့ သုံးသပ်သူတချို့က ပြောနေကြ ပါတယ်။