နိုင်ငံရေး အကျဉ်းသားတွေ အရေးတကြီး ကုသခွင့် ဆုံးရှုံး

  • 18 ဧပြီ 2011
Image caption နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်စိန်ထောင်

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး လစ်လျူရှုခံနေရဆဲ၊ကုသခွင့်တွေ ဆုံးရှုံးနေဆဲလို့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ပြောပါတယ်။

အရေးတကြီး ဆေးဝါးကုသမှု ခံဖို့ လိုအပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဆေးဝါးကုသမှု မခံရပဲ ရှိနေတဲ့အပေါ် သူတို့ အလွန်စိုးရိမ်တယ်လို့ AAPP ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အဲဒီလို နိုင်ငံရေးသမားတွေ အနက် ၂၀၀၇ ခု သံဃာ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၁၇ နှစ်ကျခံနေရတဲ့ တောင်ကုတ် အမျိုးသားဒီမိုကရေစီ အဖွဲ့က ကိုမင်းအောင်ဟာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ရောဂါ ခံစားနေရတာ တနှစ်ခန့်ကြာမြင့်နေပြီ ဖြစ်ပေမဲ့ ဆေးဝါးကုသခွင့်မရဘူးလို့ ဆိုပါတယ်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဆိုရင်လည်း နှလုံးရောဂါ၊ အဆစ်အမြစ်ကိုက်ရောဂါတွေ ခံစားနေရပြီး ကျန်းမာရေး တဖြေးဖြေး ဆိုးလာနေတယ်လို့ AAPP တွဲဘက် အတွင်းရေးမှုး ကိုဘိုကြည်က ပြောပါတယ်။

၁၉၈၈ ကနေ အခု အချိန်ထိ အကျဉ်းထောင်တွေထဲမှာ ထောင်တွင်းမှာ အသက်ဆုံးရှုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄၀ ကျော်ရှိနေခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီး အသက်ဆုံးရှုံးကြမှာကို စိုးရိမ်တယ်လို့ သူကပြောပါတယ်။

တချို့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို ဆေးကုသခွင့်ပြုပေမဲ့ အကျဉ်းထောင်အများစုကတော့ ဆေးကုသခွင့်မပေးဘူးလို့ ဆိုပါတယ်။

အကျဉ်းထောင်တွေထဲ ကြက်ခြေနီအသင်းကို ပြန်ဝင်ရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂ လု့အခွင့်အရေးကောင်စီနဲ့ အထွေထွေ ညီလာခံတွေရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ မြန်မာအစိုးရကို တောင်းဆိုထားတယ်လို့ AAPP ကပြောပါတယ်။