လစ်ဗျားမှာ ကူညီကယ်ဆယ်ရေး ကုလသမဂ္ဂဆွေးနွေး

  • 18 ဧပြီ 2011
Libya ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စရာတာက တိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရကြသူများ

လစ်ဗျားနိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ အဆင့်မြင့်အစည်းဝေးမှာ လစ်ဗျား အစိုးရ တပ်တွေ အဝိုင်းခံထားရတဲ့ မစ္စရာတာမြို့ ထဲကို ကယ်ဆယ်ရေး အကူအညီတွေပေးပို့ နိုင်ဖို့နဲ့ မြို့ထဲမှာ ပိတ်မိနေတဲ့ နိုင်ငံခြား သားအလုပ်သမားတွေ ထွက်ခွာနိုင်အောင် ကူညီဖို့တွေကို အဓိကထားပြီး ဆွေးနွေးခဲ့ ကြပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ရေးမှူး Valery Amos က လစ်ဗျား အရပ်သားတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ဘယ်လောက် လိုနေသလဲ ဆိုတာ အကဲဖြတ်နိုင်အောင် အပစ်အခတ် ရပ်စဲကြဖို့လည်း တောင်းဆို လိုက်ပါတယ်။

မစ္စရာတာ မြို့မှာ လစ်ဗျား အစိုးရ တပ်တွေက ဗုံးကျဲ တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေတဲ့ အတွက် ထောင်နဲ့ ချီတဲ့ လူတွေဟာ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ် နေတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဗြိတိန် နိုင်ငံ နိုင်ငံ တကာ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အငယ်တန်း ဝန်ကြီး အန်ဒရူးမီရှယ်လ် ကလည်း လစ်ဗျား ပြည်သူတွေ အတွက် အကူအညီတွေ ထပ်မံ လိုအပ်နေသလို မစ္စရာတာ မြို့ကနေ လူတွေ များနိုင်သမျှ များများ ရေကြောင်းကနေ စွန့်ခွာသွားနိုင်အောင် အကူအညီပေးမယ်လို့ ဆိုပါတယ်။

နေတိုးအကူအညီ အပြည့်အဝ မထိရောက်

ဓာတ်ပုံ မူပိုင် AP
Image caption နေတိုးတပ်တွေ လေကြောင်းက ကူနိုင်ပေမယ့် မြေပြင်စစ်ပွဲတွေမှာ မကူနိုင်သေး

ဒါပေမယ့် မစ္စရာတာမြို့မှာ ကြုံနေရတဲ့ အခက်အခဲတွေကိုကြည့်ရင် နေတိုးအဖွဲ့ရဲ့ စစ်ဆင်ရေးချဉ်းကပ်ပုံဟာ မလုံလောက်ပဲ မရေရာမှုတွေ ဘယ်လောက် များနေသလဲ ဆိုတာ တွေ့နိုင်တယ်လို့ ဘီဘီစီ သတင်းထောက် Jonathan Marcus ကလည်း သုံးသပ်ပြောကြားပါတယ်။

လူဦးရေ သုံးသိန်းလောက်ရှိတဲ့ ဒီမြို့ဟာ ပြဿနာတွေ စဖြစ်ဖြစ်ချင်းဆိုသလိုဘဲ အစိုးရတပ် တွေဝိုင်းထားတာကိုခံနေရပါတယ်။

မြို့ဆင်ခြေဖုံးအပိုင်းတွေကို လေကြောင်းက တိုက်ခိုက်တာကြောင့် ဗိုလ်မှုးကြီး ကဒါဖီရဲ့ တပ်တွေဆုတ်ခွာပေးခဲ့ရပေမယ့် အဲဒီအစိုးရတပ်တွေဟာ မြို့ထဲကိုစိမ့်ဝင်ပြီး သူတို့ရဲ့ သံချပ်ကာကား တွေကို မြို့ထဲကအဆောက်အဦတွေနားမှာ ရပ်ထားတာမို့ အရပ်သား ထိခိုက်မှုမရှိဘဲ လေကြောင်းက တိုက်ခိုက်ဖို့ပိုပြီး ခက်ခဲသွားစေပါတယ်။

လေကြောင်းတိုက်ခိုက်မှုတခုထဲနဲ့ကလည်း မစ်စရာတာမြို့မှာ ဝိုင်းထားတဲ့ အစိုးရတပ်တွေကို မဖြိုခွင်းနိုင်ပါဘူး။ တဖက်မှာလည်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ မှာ ကန့်သတ်ထားချက် တွေကြောင့် မြေပြင်တပ်ဖွဲ့တွေနဲ့ ဝင်တိုက်ဖို့ကို နေတိုးက တွန့်ဆုတ်နေ ပါတယ်။