ကန့်ကွက်မှုတွေ ကြားက မလေးမှာ စက်ရုံ ဖွင့်မယ်

  • 18 ဧပြီ 2011

Rare Earth ခေါ် ရှားပါး မြေသတ္တု စက်ရုံသစ် တည်ဆောက်မှုကို ကန့်ကွက် မှုတွေ ရှိနေတဲ့ ကြားက အခု စက်ရုံသစ် တည်တဲ့ နေရာမှာ ဆန္ဒပြမှုတွေ ရှိနေ ပေမဲ့ စက်ရုံကို စက်တင်ဘာ လကုန်မှာ စဖွင့်တော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် SPL
Image caption နောက်ဆုံးပေါ် ခေတ်မီ ပစ္စည်း တွေမှာ ရှားပါး သတ္တု ကို သုံး

ဒီစက်ရုံနဲ့ ကြောင့် ရေဒီယို သတ္တိကြွ ပစ္စည်းတွေ ထွက်လာ နိုင်တဲ့ အန္တရာယ်ကို စက်ရုံတည်ရှိရာ မလေးရှား အရှေ့ပိုင်း Pahang ပြည်နယ် ဒေသခံ တွေက စိုးရိမ် နေကြ ပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား တွေက လည်း တကယ်တန်း အဲဒီလို အန္တရာယ်မျိုး ကြုံလာရနိုင် တယ်လို့ သတိပေးနေကြပါတယ်။

စက်ရုံ တည်ဆောက်တဲ့ Lynas ဆိုတဲ့ သြစတြေလျ သတ္တုတွင်း ကုမ္ပဏီက တော့ ဒီစက်ရုံဟာ ကမ္ဘာမှာ အကြီးဆုံးနဲ့ အသန့်ရှင်းဆုံးလို့ ဆိုနေပါတယ်။

ဒီသတ္တု စက်ရုံကနေ ရေဒီယို သတ္တိကြွမှု အနည်းငယ်ရှိ တဲ့ စွန့်ပစ် ပစ္စည်းတွေ ထွက်လာမှာ ဖြစ်ပေမဲ့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက် စေမယ့် အန္တရာယ် မရှိဘူးလို့ ကုမ္ပဏီဥက္ကဌ နစ်ကိုလပ်စ် ကားတစ်စ်က ဘီဘီစီကို ပြောပါတယ်။

ဒီပစ္စည်းတွေဟာ မလေးရှားဥပဒေ အရရော သြစတြေးလျ ဥပဒေ အရပါ ရေဒီယို သတ္တိကြွ ပစ္စည်း အန္တရာယ် သတိပေးချက် ထုတ်ရလောက်တဲ့ အဆင့်မရှိဘူးလို့ သူကဆိုပါတယ်။

မလေးရှားမှာ နောက်ဆုံး လည်ပတ် ခဲ့တဲ့ ရှားပါးမြေသတ္တု သန့်စင် စက်ရုံကို ၁၉၉၂ ခုနှစ်တုန်းက ဆန္ဒပြမှုတွေကြောင့် ပိတ်ခဲ့ရ ပါတယ်။

ဒီစက်ရုံကြောင့် မွေးရာပါ ကိုယ်အင်္ဂါ ချို့ယွင်းမှု၊ သွေးကင်ဆာ ရောဂါ ဖြစ်ပွားမှုတို့ နဲ့ဆက်စပ် တယ်ဆိုတဲ့ ပြောဆိုမှုတွေ ကို အစိုးရက ဘာသက်သေမှ မရှိပါဘူးလို့ ပြောခဲ့ ပါတယ်။

အဲဒီစက်ရုံ ရှိခဲ့တဲ့ နေရာမှာ ရေဒီယို သတ္တိကြွ ပစ္စည်းတွေကို အခုချိန်ထိ ရှင်းနေရတုန်းပဲ ဆိုတဲ့ သတင်း တွေလည်း ထွက်နေပါ တယ်။

Rare Earth ဆိုတာ ဘာလဲ

Rare Earth လို့ခေါ်တဲ့ ရှားပါး မြေသတ္တုကို နောက်ဆုံးပေါ် Flat Screen ရုပ်မြင် သံကြားတွေ၊ မိုဘိုင်းဖုန်း တွေနဲ့ ပစ်မှတ်ရှာ တိုက်နိုင်တဲ့ smart bomb လို အဆင့်မြင့် နည်းပညာ ပစ္စည်းတွေမှာ သုံးပါတယ်။

Rare Earth လို့ခေါ်နေကြတဲ့ ရှားပါး သတ္တုဟာ တကယ်တန်း ရှားပါးပစ္စည်း မဟုတ် ပေမဲ့ သူ့ကို သန့်စင်ရာ မှာတော့ ပတ်ဝန်းကျင် ညစ်ငြမ်း စေနိုင် ပါတယ်။

ဒါကြောင့် ဒီအလုပ်ကို သူများထက် စျေးသက်သက် သာသာနဲ့ လုပ်ပေးနိုင်တဲ့ တရုတ်နိုင်ငံမှာ ဒီသတ္တု ထုတ်လုပ်တာကို ကမ္ဘာက ဒီအတိုင်း ကြည့်နေခဲ့ တာပါ။

အခုတော့ ဒီသတ္တုတွေ တင်ပို့ ရောင်းချမှုကို ထိန်းချုပ်ပြီး သံတမန်ရေးရာ လက်နက်အဖြစ် တရုတ် နိုင်ငံက အသုံးချ မှာကို ကုန်ပစ္စည်း ထုတ်လုပ်သူတွေ ကပူပန် နေကြ ပါတယ်။

အဲဒီလို စိုးရိမ်မှုတွေ ရှိနေတုန်းမှာ တရုတ်နိုင်ငံ က ဒီသတ္တုတွေ ထုတ်လုပ်မှုကို လျှော့ချမယ်လို့ ကြေညာ လိုက်တော့ စက်မှုနိုင်ငံ အတော် များများမှာ တခြား နည်းလမ်းတွေ ရှာကြံဖို့ အတော်လေး ကြိုးပမ်းကြရ ပါတယ်။

မလေးရှား နိုင်ငံမှာ အခုအသစ် တည်လိုက်တဲ့ စက်ရုံက ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။