လစ်ဗျားကို စစ်ဘက် အကြံပေးအဖွဲ့ ယူကေလွှတ်

  • 20 ဧပြီ 2011
William Hague ဓာတ်ပုံ မူပိုင် PA
Image caption လစ်ဗျားကို အကြံပေး အဖွဲ့လွှတ်မှု ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ရှင်းလင်း ပြောကြား

ယူကေ အစိုးရရဲ့ စစ်ဘက်နဲ့ သံတမန်ရေး အကြံပေး အဖွဲ့ နှစ်ဖွဲ့ လစ်ဗျား သူပုန် တွေဆီ စေလွှတ်ထားတာမို့ လစ်ဗျား ပဋိပက္ခမှာ ယူကေ အစိုးရရဲ့ ပါဝင် ပတ်သက်မှု အတိုင်းအတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ပိုကြီးလာပါတယ်။

ခုနောက်ဆုံး စေလွှတ်လိုက်တဲ့ စစ်ဘက် အကြံပေး အရာရှိတွေဟာ တိုက်ခိုက်ရေး အပိုင်းက မဟုတ်ဖူး၊ သူပုန်တွေကို လက်နက် သင်တန်းပေးဖို့ မဟုတ်ဖူး၊ သူတို့ဟာ စစ် ယူနီဖောင်းတောင် ဝတ်တာ မဟုတ်ဖူးလို့ ဗြိတိသျှ ဝန်ကြီးတွေက ပြောပြီး လစ်ဗျားမှာ သူတို့ အခန်း ကဏ္ဍဟာ ကုလသမဂ္ဂ ပြဌာန်း ဆုံးဖြတ်ချက်ဘောင်ထဲမှာသာ ရှိတယ်လို့ ပြောနေပါတယ်။

ခုအဖွဲ့တွေ မလွှတ်ခင်ထိတော့ ယူကေ အစိုးရက လစ်ဗျား သူပုန်တွေကို ကျည်ကာ အက်ျီတွေနဲ့ ဆက်သွယ်ရေး ပစ္စည်း ကိရိယာတွေ ထောက်ပံ့ပေးနေပါတယ်။

ဗြိတိသျှ အာဏာပိုင်တွေက စစ်ဘက် အကြံပေး အဖွဲ့ စေလွှတ်တာနဲ့ ပတ်သက်ပြီး မစိုးရိမ်ဖို့ တတ်နိုင်သမျှ ကြိုးစား ဖျောင်းဖျနေပေမယ့် ခုစစ်ဘက် အကြံပေး အဖွဲ့ လွှတ်ပြီးရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမှာလဲ ဆိုတဲ့ မေးခွန်းကိုတော့ စိတ်တိုင်းကျ အဖြေ မပေး နိုင်ကြသေးပါဘူး။

စစ်ဘက် အကြံပေး အဖွဲ့တွေ လွှတ်ရတဲ့ ရည်ရွယ်ချက်က ကုလသမဂ္ဂ ပြဌာန်း ဆုံးဖြတ် ချက်မှာ ပြောထားသလို အရပ်သားတွေကို ကယ်ဆယ်ဖို့ ဖြစ်ပြီး၊ အဲဒိ ရည်မှန်းချက် ပြည့်ဖို့ အတွက် လစ်ဗျား အတိုက်အခံတွေကို ထောက်ပို့ရေးပိုင်း၊ ဆက်သွယ်ရေးပိုင်း၊ ဆေးပစ္စည်းတွေ ဖြန့်ဖြူးပေးတဲ့ အပိုင်းတွေမှာ အကူအညီပေးမှာ ဖြစ်ပြီး တိုက်ခိုက် ရေးပိုင်းမှာ ဝင်ပါမှာ မဟုတ်ဖူးလို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိတ်က ပြောပါတယ်။

ဗီယက်နမ် စစ်ပွဲတုန်းကလည်း အမေရိကန်က ခုလို စစ်ဘက် အကြံပေး အဖွဲ့တွေ လွှတ်ရာကနေ စတာပဲလို့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင်ဟောင်း ဆာမင်ဇီ ကင့်ဘဲလက မနေ့က သတိပေးလိုက်ပါတယ်။

ဗီယက်နမ် စစ်ပွဲကမှ အလှမ်းဝေးပါဦးမယ်၊ ၁၉၉၀ ပြည့်လွန်နှစ်တွေက ဆိုမားလီးယားမှာ အမေရိကန်တွေ ဝင်ရောက် စွက်ဖက်တုန်းက အနေအထားနဲ့ ခပ်ဆင်ဆင်လို့တောင် ပြောနိုင်မယ်လို့ ဘီဘီစီ သတင်းထောက်တွေက မှတ်ချက်ပေးပါတယ်။

ဆိုမားလီးယားမှာ အစပိုင်းမှာ လူသားချင်း စာနာမှု အခြေခံနဲ့ ဝင်ရောက် စွက်ဖက်မှုလို့ အမေရိကန်က ပြောတဲ့ ဝင်ရောက် စွက်ဖက်မှုကနေ နောက်ဆုံး မိုဂါဒစ်ရှုးက လမ်းတွေ ပေါ်မှာ အမေရိကန် စစ်သားတွေရဲ့ အလောင်းတွေ ပိုးစိုးပက်စက် တရွတ်တိုက်ဆွဲပြီး တကမ္ဘာလုံး အပြခံရတဲ့ အနေအထားထိ ရောက်ခဲ့ပါတယ်။

အစကတော့ ဗြိတိသျှ အရာရှိတွေက လစ်ဗျားမှာ ဗြိတိန်က အထူး တပ်ဖွဲ့တွေနဲ့ ထောက်လှမ်းရေးတွေ ချထားတယ်ဆိုတဲ့ အပြောတွေကို ဗြိတိသျှ အာဏာပိုင်တွေက အတည်ပြုဖို့ ဝန်လေးနေပေမယ့် ခုတော့ ဒီအချက်ကို ဘယ်လိုမှ ငြင်းလို့ မရတော့ပါဘူး။

ဗြိတိသျှ အစိုးရကတော့ ခုစေလွှတ်မှုဟာ အရပ်သားတွေကို ကာကွယ်ရမယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ပြဌာန်း ဆုံးဖြတ်ချက်နဲ့ ကိုက်ညီမှု ရှိတယ်ဆိုပြီး နားချနေပေမယ့် ဝင်ရောက် စွက်ဖက်မှုတိုင်းဟာ ခန့်မှန်းလို့ မရတဲ့ သမိုင်းရှိတာကို မမေ့သင့်ဘူးလို့ ဘီဘီစီ သတင်းထောက် ဂေါ်ဒန် ကော်ရီရားက မှတ်ချက်ပေးထားပါတယ်။

လစ်ဗျားဘက်က ခုသတင်းကို ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး လစ်ဗျား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ခါလက် ခိုင်ယမ်ကလစ်ဗျားမြေပေါ်မှာ ပြည်ပက လက်နက်ကိုင် စစ်မှုထမ်းတွေ လာချတယ်ဆိုရင် လစ်ဗျား အစိုးရ တပ်တွေနဲ့ တိုက်ပွဲ ဖြစ်လိမ့်မယ်၊ ဒီ အကြံပေး အဖွဲ့တွေကို လစ်ဗျား အစိုးရက လူသားချင်း စာနာမှု အခြေခံနဲ့ လာတဲ့ အဖွဲ့တွေလို့ သဘောထားမှာ မဟုတ်ပဲ စစ်မစ်ရှင် အဖြစ်သာ သဘောထား ဆက်ဆံမှာ ဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုပါတယ်။