အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ သမ္မတ ပန်ကြား

  • 19 ဧပြီ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption နိုင်ငံမြောက်ပိုင်းက ဆူပူ အကြမ်းဖက်မှုတွေ

နိုင်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ မလိုလားအပ်တဲ့ အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှုတွေကို အဆုံးသတ်ကြဖို့ ပြန်လည် ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတသစ် Goodluck Jonathan က ပန်ကြားလိုက်ပါတယ်။

မစ္စတာ ဂျိုနသန်ဟာ သမ္မတ ဒုတိယ သက်တမ်းအတွက် ပြန်လည် ရွေးကောက်ခံရတယ်လို့ တရားဝင် ကြေညာချက် ထွက်ပေါ်လာအပြီးမှာ အခုလို သူ့ရဲ့ ပန်ကြားချက် ထွက်ပေါ် လာတာပါ။

လူတွေအားလုံးရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ထိန်းသိန်းဖို့ အတွက် ကျွန်တော့် အစိုးရက လိုအပ်တာ တွေကို တက်နိုင်တဲ့နည်းမျိုးစုံနဲ့ ကာကွယ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မစ္စတာ ဂျိုနသန်က ဆိုပါတယ်။

သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဗိုလ်ချုပ်ကြီး Muhammadu Buhari ကို ထောက်ခံသူ အများအပြားဟာ နိုင်ငံမြောက်ပိုင်းမှာ ရှိတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ဘူဟာရီကို ထောက်ခံသူတွေရဲ့ အပြောအရ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ် ဆိုပြီး အကြမ်းဖက် ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ဗိုလ်ချုပ်ကြီး ဘူဟာရီရဲ့ ပါတီက ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဘယ်သူမှ အသက်ဆုံးရှုံးမှု မရှိခဲ့ပါဘူး ၊ ပါတီ ဥက္ကဌက လူထုကို အေးချမ်းတည်ငြိမ်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဘီဘီစီကို ပြောကြားခဲ့ပါတယ်။