ကိတ်ကို ဘယ်လို ခေါ်ရမလဲ

  • 19 ဧပြီ 2011
Kate Middleton ဓာတ်ပုံ မူပိုင် PA
Image caption မင်းသမီးကိတ် ဖြစ်လာနိုင်မလား

မင်းသားဝီလျံနဲ့ အကြင် လင်မယား ဖြစ်သွားပါပြီလို့ ကြေငြာလိုက်တဲ့ အချိန်က စလို့ ကက်သရင်း မစ်ဒယ်လတန် တယောက် HRH Her Royal Highness ဆိုတဲ့ တော်ဝင် နာမ်စားတခု သူ့အမည်ရှေ့ မှာ တပ်ခေါ်ဝေါ် သုံးစွဲခွင့် ရသွားမှာပါ။

ခင်ပွန်းသည်က ဝေလမင်းသားလဲ ဖြစ်နေတော့ သူလဲ ဝေလမင်းသမီးဆိုတဲ့ ဘွဲ့ရသွားမှာပါ။

ဒါပေမယ့် သူဟာ အလိုအလျောက် ကက်သရင်းမင်းသမီးတော့ ဖြစ်သွားမှာ မဟုတ်ပါဘူး၊ ဒါကလဲ သူဟာ တော်ဝင်ဘုရင့်သွေးသား တယောက်မဟုတ်လို့ပါပဲ။

တော်ဝင် သွေးသားတွေပဲ မင်းသား မင်းသမီးဆိုတဲ့ ဘွဲ့ကို သုံးစွဲခွင့်ရှိပါတယ်။

ဒါကြောင့်ပဲ ဘုရင်မကြီးရဲ့ ကွယ်လွန်ရှာပြီဖြစ်တဲ့ ညီမတော်ကို မာဂရက်မင်းသမီးလို့ ခေါ်ကြသလို၊ ဘုရင်မကြီးရဲ့ သားတွေဖြစ်တဲ့ ချားလ်စ်၊ အင်ဒရူးနဲ့ အက်ဒွပ်တို့က မင်းသားတွေ၊ သမီးတော်က အဲန်းမင်းသမီးလို့ခေါ်ကြတာပါ။ အိမ်ရှေ့မင်းသား ချားလ်စ်ရဲ့ သားတော်တွေကလည်း ဝီလျံမင်းသားနဲ့ ဟယ်ရီမင်းသားတို့ ဖြစ်ကြပါတယ်။

သားတော် အင်ဒရူးရဲ့ သမီးတွေဖြစ်တဲ့ ဘီးယားထရစ် နဲ့ ယူဂျီးနီးတို့ကလည်း တော်ဝင် သွေးသားမို့ မင်းသမီးတွေလို့ ခေါ်ကြပါတယ်။

ဒါပေမယ့် အင်ဒရူးမင်းသားရဲ့ ဇနီး ဆာရာဖာဂူဆန်ကတော့ ဘယ်တုန်းမှ ဆာရာမင်းသမီး မဖြစ်ခဲ့သလို အက်ဒွပ်မင်းသားရဲ့ ဇနီးသည် ဆိုဖီကလည်း ဆိုဖီမင်းသမီး မဖြစ်ခဲ့ပါဘူး။ သူတို့ကိုတော့ သူတို့ခင်ပွန်းသည်တွေကို ပေးအပ်ထားတဲ့ မြို့စား နယ်စားဘွဲ့တွေအတိုင်း မြို့စားကတော် နယ်စားကတော်လို့ပဲ ခေါ်ဝေါ် သုံးစွဲကြပါတယ်။

Image caption ဒိုင်ယာနာတောင်မှ မင်းသမီးလို့ တရားဝင် အခေါ်မခံ ခဲ့ရ

အများက အမှတ်မှား နေကြသလို ချားလ်စ် မင်းသားရဲ့ ဇနီးသည်၊ ဝီလျံမင်းသားရဲ့ မိခင် ကွယ်လွန်သူ လေဒီဒိုင်ယာနာ ကိုယ်တိုင်တောင် တရားဝင် ဒိုင်ယာနာမင်းသမီးလို့ အခေါ်ခံခဲ့ ရတာမဟုတ်ပါဘူး။ ခင်ပွန်းသည်ရဲ့ ဘွဲ့ကို လိုက်ပြီး ဝေလမင်းသမီး ဒိုင်ယာနာလို့ပဲ သူ့ကို သုံးနှုံးခဲ့ကြတာဖြစ်ပါတယ်။

ဒီတော့ အလားတူပဲ ကိတ်လည်း မင်းသားဝီလျံနဲ့ လက်ထပ်ပြီးတဲ့ အချိန်မှာ ဘုရင်မကြီးက ဝီလျံကို မြို့စား နယ်စားတနေရာရာ ပေးပြီး ကိတ်ကလဲ မြို့စားကတော်ဘွဲ့ ရယူလိုက်နိုင် ပါတယ်။ ဒါပေမယ့် ဝီလျံကိုယ်တိုင်ကတော့ သူဟာ နောက်ထပ် ဘွဲ့တခုခု မလိုချင်ပါဘူး။ လောလောဆယ် သူရထားတဲ့ ဝေလမင်းသား ဘွဲ့ တခုထဲကို ကြိုက်ပါတယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် ဘုရင်မကြီးက သူ့ကြင်ယာတော် ဖိလစ်မင်းသားကြီးကိုလဲ ၁၉၅၇ ခုနှစ်မှာ ယူကေ နိုင်ငံတော်ရဲ့ မင်းသားအဖြစ် အဆောင်အယောင်နဲ့ ဘွဲ့ထူးတွေ နှင်းအပ်ခဲ့တဲ့ အစဉ်အလာရှိ ပါတယ်။

ဒီတော့ သူ့ရဲ့ မြေးချွေးမတော် ကိတ်ကိုလဲ ယူကေမင်းသမီး အဖြစ် နှင်းအပ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ အဲဒီလိုဆိုရင်တော့ ကိတ်ဟာ ကက်သရင်းမင်းသမီးလို့ ခေါ်ဝေါ်သုံးစွဲခွင့် ရသွားမှာပါ။

ဒီဖက်ခေတ်မှာ မြို့စား နယ်စားကတော်ဆိုတဲ့ ဘွဲ့ထူးက ရှေးဆန်ပြီး ခေတ်နောက်ကျသလို ဖြစ်နေတော့ မင်းသား မင်းသမီးဆိုတဲ့ ငယ်ရွယ်နုပျိုပြီး ခေတ်မီတဲ့ ဘွဲ့ထူးရာထူးကိုပဲ လိုချင် သူ များမယ်ဆိုတာကလည်း အထင်အရှားဖြစ်နေပါတယ်။