ဘီဘီစီပရိသတ်တွေ ရေးပို့လာတဲ့ ကဗျာ

  • 19 ဧပြီ 2011
ဓာတ်ပုံ မူပိုင် BBC World Service

အချစ်ဆိုတာ ရယူခြင်း၊

အချစ်ဆိုတာ ပေးဆပ်ခြင်းလို့

အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

တကယ်တော့..

ဘဝကို ပြည့်စုံလာစေတာဟာ

"အချစ်" ပါပဲ။

နိုင်စွမ်း

တယောက်ရဲ့ နှလုံးသားမှာ

တယောက်ရဲ့ နားလည်ပေးမှုတွေ စီးဝင် ..

တယောက်ရဲ့ မျက်ဝန်းအကြည့်မှာ

တယောက်ရဲ့ ပျှော်ရွှင်မှုတွေ တေးသီလို့ ..

"ယုံကြည်မှု" ကို နှစ်ယောက်အတူ ထုဆစ်ရင်း

တယောက်ရဲ့ ပေးဆပ်မှုနဲ့ တယောက်ကို ပြည့်စုံစေခဲ့

တယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့

တယောက်ရဲ့ အသက်ဓာတ်ကို လင်းပစေတဲ့အခါ

"လက်ထပ်ခြင်း" မှာ

"တန်ဖိုး" တခု မြင့်တက်လာခဲ့တယ်။ ။

သွေး (စစ်ကိုင်း)

ဇွန် ၂၀၊ ၂၀၁၀ ခုနှစ်က လက်ဆက်ခဲ့ကြတဲ့ ကဗျာဆရာ နိုင်စွမ်း နဲ့ ကဗျာဆရာမ သွေး (စစ်ကိုင်း) တို့ အပြန်အလှန် ရေးဖွဲ့ ပေးခဲ့ဖူးတဲ့ ကဗျာလေး နှစ်ပုဒ်ကို ချစ်တတ်သူတိုင်း၊ လက်ထပ်မဲ့ သူတိုင်းခံစားလို့ရအောင်ဆိုပြီး ဘီဘီစီကို ပေးပို့လာပါတယ်။

“အချစ်စစ် အချစ်မှန်”

မြင့်မိုရ်တောင်ကြီး၊ ငြီးတွားကျန်ရစ် မီးပင်လယ်က၊ အကြိမ်ကြိမ်လက်ပြ ငှက်ဇင်ယော်တွေ၊ ပြုံးရွှင်သာယာ လမင်းကလျာ၊ သူဇာပိုင်ရှင် သမိုင်းဝင်အဆောက်အဦးကြီးတွေက သြဘာတီး၊ ခရီးစဉ်တိုင်းမှာ ချစ်သူငယ်ချင်းတွေ အသီးသီး အားကျစွာ၊ ရင်ခုန်စွာ လှိုက်လှဲစွာ၊ ကြည်နူးစွာ “ဇွဲတော်ပြည့် မောင်နှံနှစ်ဖြာ” ကို ပွဲတော်နေ့ အခါတော်မီ စုံစုံညီညီ၊ ယုံယုံကြည်ကြည် ချစ်ဗိမ္မာန်ဆီ၊ တူရည် ချီစေလေတော့သတည်း။ ။ (ချစ်သောသူတိုင်း ထာဝရ ဆုံဆည်းနိုင်ကြပါစေ။)

အင်္ဂလန်မှ ‘စန္ဒီသင်းသင်းမာဦး’ က နော်ဝေရှိ မင်းသားလေး 'ကောင်းမြတ်သူ' အတွက် … မှတ်မှတ်ရရ ချစ်သက်လက်ဆောင်၊ (၂၉.၀၄.၂၀၁၁) နေ့ ဗြိတိန် နန်းလျာမင်းသားလေးနှင့် ချစ်သူ William & Kate တို့ ၏ “တော်ဝင်မင်္ဂလာနေ့”အမီ ရေးစပ်ပေးပို့လာပါသည်။

သာစွလှစွ မင်္ဂလာပွဲ

မောင်တို့မိခင် မေတ္တာရှင်အား နယ်ရှင် ပယ်ရှင် ကရုဏာရှင် နှင့် မြင်မြင်သမျှ ချစ်ခင်ကြ၏။

မောင်တို့မိခင် မေတ္တာရှင်သည် မြေတွင်မြုပ်ထား ဗုံးသီးများကို ဖယ်ရှား တူးပစ် လူကိုချစ်၏။

မောင်တို့မိခင် မေတ္တာရှင်သည် မိခင် မေတ္တာ ကြီးမားစွာဖြင့် အာဖရိက နို့မ၀သည့် လူပိန်လှကို ချီမသယ်ပိုး မေတ္တာမျိုးဖြင့် ... ။

သြော် မိခင်လဲလှ သားတွေလှ၍ မိခင်ကိုချစ် သားကိုချစ်ကြ မိခင်အချစ် သား အချစ်နှင့် သား၏ချစ်သူ လှမဉ္ဇူ ကို ကြည်ဖြူလက်တွဲ မင်္ဂလာပွဲသည် ခြိမ့်သဲစည်စည် ချိန်နာရီပင် တတီတီဖြင့် မြည်နေပြီ ...။

(Williams and Kate သို့) (မောင်စင်ကြယ်) ၁၅ ၊ ၀၄ ၊ ၂၀၁၁

ယုံပါအချစ်ရယ် မပြောချင်သူပါ

စိန်စီသောလမ်းထက် ဆီ မင်းကို ရွှေလက်နဲ့ အကိုတွဲပြီးခေါ်ခဲ့တယ်၊ မင်းပျော်မှာပါ ဘာကြောင့်လို့လည်းဆိုရင် ငါဟာ....မင်းကို ငါ့ရဲ့ အချစ်ရဆုံးအမေ ဒိုင်ယာနာလိုဖြစ်သွားမှာ အရမ်းစိုးရိမ်ကဲမိနေလို့ပါပဲ....ကိတ်။

မျိုးဂုဏ်မြင့်ပေမယ့် မျိုးခြင်းထပ်မှ မြတ်မယ်ဆိုတဲ့ အသိစိတ် ငါ့ဆီမှာ စိုးစဉ်းမှ မရှိရိုးအမှန်ပါ....ကိတ်။ လူဟာ....လူပါပဲ အနိမ့်အမြင့် မခွဲခြားတတ်တဲ့ ငါ့ရဲ့စိတ်အစဉ်ကို မင်းသိမှာပါ.... ငါဟာမင်းကို ဘယ်လောက်အထိချစ်မလဲဆိုတာ ဧပရယ်....ဟာ ငါ့....အချစ်ကို သက်သေထူပြလိုက်တာပဲ...ကိတ်။

ငါ....ပျော်နေပါတယ် မင်းနဲ့ လက်ထပ်ရမှာကို ငါ့....ဆုံးဖြတ်ချက်ကိုလည်း ငါ....ဂုဏ်ယူကျေနပ်နေမိတယ်...ကိတ်။

မင်္ဂလာဦး....ညမှာ အနမ်းဖွဖွလေး မင်းကိုပေးပြီး ငါမင်းအပေါ် ဘယ်လောက်အထိချစ်သလဲ...ဆိုတာ ယုံပါအချစ်ရယ်...မပြောချင်သူပါ..။ အမေ့သား(ဒိန်းမတ်) ဝီလီယံနဲ့ ကိတ် မင်္ဂလာဦးနေ့မှသည်....ပျော်ရွှင်ချမ်းမြေ့စွာ ဆုံးတစ်သက်တိုင် ကိုယ်၏ ကျမ္မာခြင်း၊ စိတ်၏ ချမ်းသာခြင်းဖြင့် အန န္တရာယ်ကင်းဘေးရှင်းပြီး အိုအောင်မင်းအောင် ချစ်ချစ်ခင်ခင် နဲ့ ပေါင်းသင်းနိုင်ကြပါစေ....။ ကိုဗလိုင်(ခ)အောင်စိုး (ဒိန်းမတ်)

မင်းသားဝီလျံတို့ ချစ်သူနှစ်ဦးအတွက် မင်္ဂလာလက်ဆောင်

+ ချစ်မေတ္တာ ရေကြည်တပေါက်ကို သူတို့နှစ်ယောက် သောက်ကြတယ်၊ တို့လည်း အားကျလိုက်တာ။ + သူတို့နှစ်ယောက်ရဲ့ ချစ်မေတ္တာလမ်းလေးဟာ သစ္စာတွေနဲ့ ထုံမွှန်းပြီး၊ မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ အချစ်ရဲ့ နှလုံးသားလေးတွေ ပိုင်ဆိုင်ကြပါစေ။ + ထာ၀ရလက်တွဲနိုင်ကြပါစေလို့ တို့ ဆုတောင်း ပေးလိုက်တယ်။ + လောကမှာ ချစ်သူချင်းညားတာ အင်မတန်မှ ရင်ခုံစရာကောင်းသလို ကြည်နူးစရာလည်း ကောင်းတယ်။

ခင်စန်းနွယ်၊ ဖို့ဝိန်း၊ အမေရိကန်