ဆီးရီးယား မှာ ဆန္ဒပြသူတွေကို ပစ်ခတ်

  • 19 ဧပြီ 2011
Syria ဓာတ်ပုံ မူပိုင် AP
Image caption Homs မြို့က အဓိက ရင်ပြင်မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ

ဆီးရီးယား နိုင်ငံမှာ သမ္မတ Bashar al-Assad အစိုးရ အပေါ် ဆန့်ကျင် ဆန္ဒပြနေသူတွေကို လူစုခွဲဖို့အတွက် အစိုးရ လုံခြုံရေး တပ်တွေက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

Homs မြို့ရဲ့ အဓိက နေရာဖြစ်တဲ့ ရင်ပြင်မှာ လူနှစ်သောင်းလောက် စုဝေးနေတုန်း လုံခြုံရေး တပ်ဖွဲ့တွေက စတင် ပစ်ခတ်ခဲ့တာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အခု ဆီးရီးယား ရဲ့ မြိုတွေ မှာ ဖြစ်နေတဲ့ လူထု ဆန္ဒပြပွဲ တွေ အတွင်း လူတွေ သေဆုံးမှု ရာနဲ့ချီ ရှိနေပါပြီ။

ဒါပေမယ့် သမ္မတ အာဆတ် အစိုးရ က သူ့ ကို အတိုက်အခံ ပြုနေသူတွေ ကို လျော့ပေးမယ့်ပုံ မရှိပါဘူး။

အီဂျစ်မှာ လို စစ်တပ် က လူထု တွေ ဖက် က နေပြီး အာဏာရှင် ကို ပလ္လင် က နေ ဆင်း အောင် လုပ်ခဲ့တာမျိုး ဆီးရီးယားမှာ ဖြစ်ဖို့ မလွယ် ဘူးလို့ ဘီဘီစီ သံတမန်ရေးရာ သတင်းထောက် ဂျိုနသန် မားကပ်စ်က ဆိုပါတယ်။

ဘာလို့လဲဆိုတော့ ဆီးရီးယား သမ္မတ နဲ့ ဆွေမျိုး တစု က ပဲ စစ်တပ်နဲ့ လုံခြုံရေး တပ်တွေ ကို ကိုင်ထားနိုင်တယ် နောက် ဒီအစိုးရ ဟာ ဆီးရီးယား ရဲ့ ကွဲပြား နေတဲ့ အင်အားစု တွေ အကြား သူတို့ အာဏာ ကိုင်ခိုင်ခိုင် မာမာ ကိုင်ထားအောင် လုပ်ထားနိုင်ခဲ့တယ်လို့ သူက သုံးသပ် ပါတယ်။

ဒေသတွင်းမှာ ဒီ နိုင်ငံရဲ့ အနေအထား က အမြဲတစေ ဂရုပြု နေရပါတယ်။

အီရန်၊ လက်ဘနွန်က ဟစ်ဟဘိုလာ အဖွဲ့၊ ဂါဇာ ကမ်းမြှောင် က ဟားမတ်စ စတာတွေ ကို ဆီးရီးယား က မဟာမိတ် အဖြစ် ချိတ် ဆက်ထား ပါတယ်။

နောက် ဆီးရီးယား က ပြိုရင် တနည်းမဟုတ် တနည်း အိမ်နီးချင်းဖြစ်တဲ့ လက်ဘနွန် က အင်အားစု တွေ အတွင်း အကွဲကွဲ အပြားပြား တွေဖြစ်ပြီး လက်ဘနွန် ကို မတည်ငြိမ်မှု က ကူးစက် သွားမယ် လို့ လည်း ခန့်မှန်း ကြပါတယ်။

တနိုင်ငံမှာ ကသောင်းကနင်း ဖြစ်တာ က တခြားကို ဆက်သွားမယ့် ပုံရှိတယ် လို့ တွက်ဆ ကြ ပါတယ်။

အစ္စရေး ကလည်း ရန်သူတော် ဆီးရီးယား ရဲ့ အခြေအနေ ကို အထူးကြည့်နေပါတယ်။

ဆီးရီးယား အစိုးရ လှုပ်ခါ နေခြင်းဟာ နောက်ထပ် ပြဿနာ တခု ကို မွေးဖွား လာစေ နိုင်တဲ့ အတွက် သူတို့ ကလည်း အလေးထား နေရတယ်လို့ ဘီဘီစီ သံတမန်ရေးရာ သတင်းထောက် ဂျိုနသန် မားကပ်စ်က သုံးသပ်ပါတယ်။