ဂျပန်နိုင်ငံ ပို့ကုန် ကျဆင်း

  • 20 ဧပြီ 2011
japan ဓာတ်ပုံ မူပိုင် AP
Image caption ပို့ကုန်တွေကျ စီးပွားရေး ကျလာတဲ့ ဂျပန်

ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီဒဏ်တွေကို ခံခဲ့ရပြီး တဲ့နောက် ပြည်ပ တင်ပို့မှု တွေဟာ မတ်လ အတွင်း ၂ ဒသမ ၂ ရာခိုင်နှုန်းထိ ကျလာ ပါတယ်။

၁၆ လအတွင်း ပထမဆုံးအကြိမ် ပို့ကုန် ပမာဏ ကျဆင်း လာတာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ဟာ ကမ္ဘာမှာ အကြီးဆုံးနဲ့ ခေတ်အမီ ဆုံး ကုမ္ပဏီကြီး တချို့ ရှိတဲ့ နိုင်ငံပါ။

အခု ပို့ကုန်ကျတဲ့ ကိစ္စ မှာလည်း ကားထုတ်လုပ်ရေးတို့၊ အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ် ရေး တို့မှာ ထုတ်လုပ် မှုတွေ ကျဆင်းလာလို့ ဖြစ်ပါတယ်။

ဂျပန်ရဲ့ အဓိက ပို့ကုန် စျေးကွက်ဖြစ်တဲ့ အမေရိကန်တို့၊ တရုတ်တို့ ဆီသွားတဲ့ ကုန်ပစ္စည်း တွေ လျော့နည်းလာပါတယ်။

ပြည်ပ ကားတင်ပို့မှုဆိုရင် ၂၈ ရာခိုင်နှုန်းထိ ကျဆင်းလာပါတယ်။

နောက်ပြီး အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်ရေးတွေ မှာလည်း ၇ ရာခိုင်နှုန်း နီးပါး ကျဆင်း ခဲ့ပါတယ်။

ဒီလို ဖြစ်ရတာကလည်း ဂျပန်မှာရှိတဲ့ ဒီကားတို့၊ အီလက်ထရောနစ်တို့ ထုတ်လုပ်ရေး မှာ ကုန်ပစ္စည်း တစ်ခု ဖြစ်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်း ပစ္စည်းလေး တွေကို မိသားစုပိုင် စက်ရုံ ငယ်လေးတွေ ကနေ ထုတ်လုပ်ပြီးမှ စက်ရုံကြီးတွေမှာ တပ်ဆင် ကြတာ ဖြစ်ပါတယ်။

အခု အဲဒီစက်ရုံလေးတွေဟာ ငလျင်နဲ့ ဆူနာမီ လှိုင်းဒဏ်ကို ခံခဲ့ကြရပြီး တချို့ဆိုရင် လုံးဝ မထုတ်လုပ်နိုင် တော့သလို တချို့ လုပ်ငန်းတွေမှာလည်း ထုတ်လုပ်မှု ကျလာ ပါတယ်။

အထူးသဖြင့် ငလျင်ဒဏ်ခံရတဲ့ အရှေ့မြောက်ပိုင်း ဒေသတွေက စက်ရုံတွေ အများအပြား ထိခိုက် ခဲ့ပါတယ်။

ဒီ ထုတ်လုပ်မှု ကျဆင်းတာဟာ ဂျပန်မှာတင်မက ကမ္ဘာတစ်ဝန်းလုံး မှာတောင် ရိုက်ခတ် နေပါတယ်။

မြောက်အမေရိကမှာ ရှိတဲ့ ဂျပန် တိုယိုတာ ကားစက်ရုံတွေ မှာဆိုရင် ဇွန်လ အထိ တနင်္လာ နဲ့ သောကြာနေ့ တွေမှာ အလုပ်ပိတ်ထားမှာ ဖြစ်ပါတယ်။

ကျန်တဲ့ရက်တွေ မှာလည်း စက်ရုံ အပြည့်အဝ မလည်နိုင်ပဲ တစ်ဝက်ပဲ လည်ပတ် နိုင်မှာ ဖြစ်ပါတယ်။

ဂျပန်က ထုတ်လုပ်မှုကျဆင်းရခြင်းရဲ့ တခြားအကြောင်းရင်းတွေထဲမှာ ငလျင်နဲ့ ဆူနာမီ ကြောင့် အခြေခံ အဆောက်အအုံတွေ ဖြစ်တဲ့ သင်္ဘောဆိပ်တွေ၊ လေဆိပ်တွေ ပျက်ဆီး ခဲ့တာလည်း ပါဝင် ပါတယ်။

နောက်ပြီး အဆိုးဆုံးကတော့ လျှပ်စစ်မီး ထုတ်လုပ်ပေးတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ ထိခိုက်ခဲ့လို့ အခုဆိုရင် လျှပ်စစ်မီး အပြည့်အဝ မရ သေး တာပါ။

အခုလာမယ့် နွေရာသီ လ တွေမှာ လျှပ်စစ်မီး က ပို လိုအပ်ဖွယ် လည်း ရှိနေ ပါတယ်။