ရွှေ့ပြောင်းသူတွေ ထိန်းသိမ်းရေး စခန်း က အဓိကရုဏ်း

  • 21 ဧပြီ 2011
သြစတြေးလျ ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆန္ဒပြသူ တချို့

ရွှေ့ပြောင်း ဝင်ရောက် လာသူ တွေကို ထိန်းသိမ်း ထားတဲ့ သြစတြေးလျ နိုင်ငံ ဆစ်ဒနီ မြို့ က ထိန်းသိမ်းရေး ဌာန တခု အတွင်းမှာ အဓိကရုဏ်း တွေ၊ အဆောင် တွေကို မီးရှို့ တာတွေ ဖြစ်နေပြီး ဆူပူ နေကြတဲ့ လူအများစု ဟာ နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံချက် ကို ငြင်းပယ်ခြင်း ခံရတဲ့ သူတွေ ဖြစ်တဲ့ အကြောင်း သြစတြေးလျ အစိုးရ က ပြော ပါတယ်။

အကြမ်းဖက် ဆူပူမှု မှာ ပါဝင်ခဲ့သူတွေကို ရာဇဝတ်ကြောင်း အရ အရေးယူမယ် လို့ လည်း သြစတြေးလျ ပြည်ထဲရေး ဝန်ကြီး ခရစ် ဘိုဝမ် က ပြောပါတယ်။

အဲဒီ ဗေလာ ဝုဒ် ထိန်းသိမ်းရေး စခန်း တွင်း ရှိနေတဲ့ အဆောင် တွေထဲ က အဆောင် ၉ ခု မီးတင်ရှို့ ခံခဲ့ ရပြီး၊ မကျေမနပ် ဆန္ဒပြနေသူ တချို့ က ထိန်းသိမ်းရေး အဆောင် ခေါင်မိုး တွေ ပေါ် မှာ တက်နေကာ အဲဒီ ခေါင်မိုးပေါ်တက် လာတဲ့ ရဲတွေ မီးသတ် သမား တွေကို သစ်သား တုတ် တွေနဲ့ ရိုက်ချ ခဲ့ ပါတယ်။

အခု စခန်း အတွင်း လူပေါင်း ၂၀၀ ကျော် ရှိကာ ဆန္ဒပြ သူတွေက ၁၀၀ လောက် ရှိတယ် လို့ သိရပါတယ်။

စခန်း အတွင်း က ပြဿနာ ဖြစ်နေတဲ့ အဆောင် အတွင်းမှာ မြန်မာပြည် က ရောက်သွားတဲ့ မူဆလင် ဘာသာဝင် ဒုက္ခသည် ၃ ဦး ရှိနေပြီး သူတို့ က ဆန္ဒပြသူ တွေထဲမှာ မ ပါဝင် ပါဘူး။

သူတို့ က လုံခြုံရေး အတွက် စိုးရိမ်လို့ တခြားနေရာ တခု ကိုပြောင်း ပေးဖို့ တာဝန်ရှိသူ တွေကို ပန်ကြားခဲ့ပြီး တဲ့နောက် သူတို့ ကို စခန်းဝင်း အတွင်း က တခြား အဆောင် တခု ကို ပြောင်း ပေးတဲ့ အကြောင်း အဲဒီ ဒုက္ခသည် တွေထဲ က တဦး က ပြောပါတယ်။

ဒီစခန်းတွင်း မှာ ထိန်းသိမ်းခံ ထားရတဲ့ လူ တချို့ ဟာ တနှစ်ကျော် အောင် စခန်းတွင်း မှာပဲ နေနေ ရတဲ့ သူတွေ ဖြစ်ကြောင်း လည်း သိရ ပါတယ်။