လုံခြုံရေးအတွက် ဘက်ပေါင်းစုံက စီစဉ်

  • 21 ဧပြီ 2011

မင်းသားဝီလျံနဲ့ ကိတ်တို့ရဲ့ ဧပြီလ ၂၉ ရက်နေ့မှာ ပြုလုပ်မဲ့ မင်္ဂလာပွဲ အခမ်းအနား ဟာ တကမ္ဘာလုံးက အာရုံစိုက် စောင့်ကြည့်နေကြမယ့် ပွဲကြီးတခု ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption ရေမြောင်းအောက်တွေလဲ အလွတ်မပေး

ဗြိတိန်ရဲ့ နန်းညွှန့်လွှာ မင်းသား တယောက်ရဲ့ မင်္ဂလာပွဲကို ဗြိတိသျှဓနသဟာယနိုင်ငံတွေက ဘုရင်တွေ မိဖုရားတွေ မင်းသား မင်းသမီးတွေနဲ့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေလဲ လာတက်ကြမှာ မို့ လုံခြုံရေးကို အထူး အရေးတကြီး ပြင်ဆင် ထား ပါတယ်။

အထူးသဖြင့်တော့ မင်္ဂလာမောင်နှံနဲ့ ဧည့်သည် တော်တွေ ဖြတ်သွားမယ့် လမ်းတလျှောက်ကို အဓိက လုံခြုံရေး တိုးမြှင့်ချထားမှာပါ။

ဘတ်ကင်ဟမ်နန်းတော် နဲ့ လက်ထပ်မင်္ဂလာကျင်းပမဲ့ ဝက်စမင်စတာ အက်ဘီးဟာ ၁ မိုင်ခွဲပဲ ဝေးပါတယ်။ ဒီလမ်းပေါ်ကပဲ သတို့သားနဲ့ သတို့သမီးက ကားနဲ့ သွားကြ၊ ပြီးရင် မြင်းရထား နဲ့ ပြန်လာကြမှာပါ။

ပွဲလာကြည့်သူတွေကလဲ ဒီလမ်းတလျှောက်မှာပဲ လမ်းဘေးဝဲယာက စီတန်းကြည့်ရှုကြမှာပါ။

Image caption နန်းတော်တဝိုက်မှာလဲ လူသိန်းချီပြီး ရောက်နေကြ မယ်

လူပေါင်းစုံ ရောက်နေမဲ့ ဒီလမ်းမှာ လုံခြုံရေးအရ ခြိမ်းခြောက်မှု အန္တရာယ်တွေလဲ ပုံစံမျိုးစုံနဲ့ ဖြစ်လာနိုင်တာမို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့ ကတော့ ဘယ်အချက်ကိုမှ ပေါ့ပေါ့ဆဆ မထား၊ အလွတ်မပေးရဲပဲ သတိနဲ့ စောင့်ကြည့်သွားမယ် လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ ရဲအရာရှိပေါင်း ငါးထောင်ကလည်း လန်ဒန် လမ်းတွေပေါ်မှာ ရှိနေကြမှာပါ။

မင်္ဂလာ အခမ်းအနား ကျင်းပမယ့် လမ်း တလျှောက်က ရေမြောင်းတွေ၊ ဓာတ်မီးတိုင်တွေ၊ အမှိုက်ပုံးတွေနဲ့ တခြားဖောက်ခွဲရေး ပစ္စည်းတခုခုထဲ့သွား ချသွားလို့ရနိုင်မဲ့ နေရာတွေကို တပတ်ကျော် အလိုကတည်းက လိုက်ပြီး ပိတ်ထားပါပြီ။ နေ့စဉ်လဲ လိုက်စစ်ဆေး နေပါတယ်။

လမ်းဘေးတလျှောက်လာကြည့်တဲ့ လူတွေအထဲက လက်နက်ယူလာပြီး ယာဉ်တန်းကို လှမ်းပစ် နိုင်တဲ့ ခြိမ်းခြောက်မှုကတော့ ဖြစ်နိုင်ချေ ရာနှုန်းနဲပါတယ်။

ဒါပေမယ့် ဘုရင်စနစ်ဆန့်ကျင်တဲ့ အုပ်စုတွေအထဲက ဆန္ဒပြသူ တယောက်ယောက်က သုတ်ဆေးတွေ ထဲ့ထားတဲ့ အထုပ်နဲ့ လှမ်းပေါက်တာမျိုးတော့ လုပ်ကောင်း လုပ်နိုင်တယ်လို့ ရဲ တပ်ဖွဲ့က ယူဆပါတယ်။

နောက်တခါ အစွန်းရောက် မူဆလင်အဖွဲ့တွေကလည်း တနည်းနည်းနဲ့ အနှောက်အယှက် ပေးနိုင်ပါတယ်။ ဒီလို အဖွဲ့တွေက ဆန္ဒပြမယ်ဆိုပြီး စီစဉ်တာကို ရဲတပ်ဖွဲ့က ခွင့်မပေးပဲ နေလို့ မင်္ဂလာပွဲနေ့မှာ တနည်းနည်းနဲ့ ကြိုးစားလာနိုင်ပါသေးတယ်။

တခါ မကြာသေးခင်က အိုင်းရစ်လူမျိုးစွဲပြင်းထန်သူ တယောက်ဆီက ဗုံးတွေ သိမ်းမိလိုက် ပြန်တဲ့ အတွက် အိုင်းရစ်တွေရဲ့ တိုက်ခိုက်မှုကိုလဲ ဖြစ်လာနိုင်စရာ ရှိတဲ့ အန္တရာယ်တခုလို့ ရဲတွေက ယူဆထားပါတယ်။

မင်္ဂလာမောင်မယ် စီးနင်းလာမဲ့ မြင်းရထားပေါ်မှာတော့ အနဲဆုံး လက်နက်ကိုင်ထားတဲ့ လုံခြုံရေး အစောင့်တယောက်တော့ လိုက်ပါနိုင်တယ်လို့ သိရပါတယ်။ ချားလ်စ်မင်းသားနဲ့ ဒိုင်ယာနာတို့ရဲ့ ၁၉၈၁ ခုနှစ်က မင်္ဂလာပွဲတုန်းကလဲ ဒီလိုပဲ လက်နက်ကိုင် အစောင့် တယောက် လိုက်ပါခဲ့ပါတယ်။

Image caption ရဲ တွေက ရဟတ်ယာဉ်နဲ့လဲ လှည့်နေမည်

ရဲတွေ ဖက်က တခု အားသာချက်ကတော့ မင်္ဂလာမောင်နှံနဲ့ ဧည့်သည်တွေ ဖြတ်သွားမဲ့ လမ်းဟာ တော်ဝင်မိသားစုအမြဲသုံးနေတဲ့ လမ်းတကြောင်းလဲ ဖြစ်လို့ လမ်းတလျှောက် လုံခြုံရေးအစီအစဉ်တွေကို အလွတ် နီးပါး ရပြီးသား ဖြစ်နေကြတာပါ။ နောက်တခါ ဒီလမ်းပေါ်မှာ ရှိတဲ့ အဆောက်အဦ အားလုံး လိုလိုကလဲ အစိုးရရုံးတွေ ဖြစ်နေတဲ့အတွက် အပြင်က အကြမ်းဖက်ချင်သူ တယောက် ယောက် အဆောက်အဦတခုထဲ ဝင်ခိုဖို့ ခက်ပါတယ်။

ရဲတွေကတော့ အဆောက်အဦတွေရဲ့ ခေါင်မိုးပေါ်မှာ လက်ဖြောင့်သေနတ်သမားတွေ ထားပြီး ရဲ ရဟတ်ယာဉ်တွေကလဲ လမ်းကြောင်းတလျှောက်လိုက်ပါ စောင့်ကြည့်နေမယ်။

မသင်္ကာစရာ လူ၊ လှုပ်ရှားမှု တခုခုတွေ့ခဲ့ရင် ကြိုတင် အရေးယူနှိမ်နင်းနိုင်အောင် စီစဉ်ထား တယ်လို့ ဆိုပါတယ်။

လူအုပ်ထဲကနေ ရုတ်ရုတ်သဲသဲ လုပ်ချင်သူတွေရှိလာရင်တော့ အေးအေးချမ်းချမ်း ပွဲလာကြည့် လိုသူတွေ ကပဲ ဒီလူတွေကို ဝိုင်းဖမ်းပေးကြနိုင်ပါသေးတယ်။

ဘာပဲပြောပြော ဒီဖက်ဆယ်စုနှစ်တွေမှာ အကြီးကျယ်ဆုံးပွဲ ကြီးတခု လက်ခံကျင်းပတာမို့ လန်ဒန်ရဲတွေကတော့ တတ်နိုင်သမျှ လုံခြုံရေးစည်း မပေါက်ရအောင် စီစဉ်နေတယ်လို့ သိရ ပါတယ်။