ထိုင်း နဲ့ ကမ္ဘောဒီးယား တိုက်ပွဲဖြစ်လို့ ၇ ဦးသေ

  • 22 ဧပြီ 2011
Thai soldiers ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်းဖက်က ဒဏ်ရာရသွားတဲ့ စစ်သားတွေ

ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ ကြား အငြင်းပွားနေတဲ့ နယ်စပ်မှာ သောကြာနေ့မနက်က တိုက်ပွဲတွေဖြစ်ခဲ့လို့ စစ်သား ၇ ဦးသေဆုံးခဲ့ပါတယ်။

ထိုင်းဖက်က စစ်သား ၄ ယောက် ကျဆုံးခဲ့တယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရ အမျိုးသမီးကဆိုပါတယ်။ ကမ္ဘောဒီးယားဖက်ကတော့ ၃ ယောက် ကျတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနကပြောပါတယ်။ နှစ်ဖက်စလုံးမှာ ဒဏ်ရာရသူတွေလဲရှိတယ်လို့ သိရပါတယ်။

နယ်စပ်က ထောင်နဲ့ချီတဲ့ ထိုင်းရွာသားတွေလဲ နေအိမ်တွေစွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ အခုတော့ နှစ်ဖက် အပစ်ရပ်ထားဖို့ သဘောတူထားပါတယ်။

တိုက်ခိုက်မှုဖြစ်တဲ့နေရာက နှစ်နိုင်ငံ သူပိုင် ကိုယ်ပိုင်အငြင်းပွားနေတဲ့ ပရာဝိဟာ ဘုရားကျောင်းကနေ အရှေ့တောင်ဖက် ကီလိုမီတာ ၁၀၀ လောက် ဝေးတဲ့နေရာမှာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားရတာ နယ်စပ်စည်းမျဉ်းတွေ အသေအချာ မသတ်မှတ်နိုင်ဘဲ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေပြီး နှစ်ဘက်စစ်တပ်တွေ နယ်စပ်မှာ ကပ်ပြီးချထားလို့ အခုလို တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရှောင်ပြေးလာခဲ့ ကြရတဲ့ ထိုင်းရွာသားတွေ

ဒီပြဿနာကို ကြားဝင် ဖြေရှင်းပေးနေတဲ့ အာဆီယံ အလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံကတော့ အခုနောက်ဆုံး တိုက်ခိုက်မှုအပေါ် စိတ်ပူကြောင်း ပြောလိုက်ပြီး တင်းမာမှုတွေ ချက်ခြင်းရပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံကလဲ အင်ဒိုနီးရှားနိုင်ငံကို စာရေးပြီး အာဆီယံ အနေနဲ့ ဝင်ရောက် ဖြေရှင်းပေးဖို့ အကူအညီ တောင်းခံခဲ့ပါ တယ်။ ဒီတောင်းဆိုချက်ကို ထိုင်းဘက်က ပယ်ချလိုက်ပါတယ်။

ယူအဲန်တို့ အာဆီယံ တို့လို အဝေးက လူတွေ ဝင်ပါစရာ မလိုအပ်သေးဘူး။ အခုဖြစ်ရပ်ဟာ ဒေသတွင်း တပ်မှူးတွေ အနေနဲ့ ထိန်းချုပ်လို့ ရတယ်။ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးပြီး အဖြေရှာလို့ ရနိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ် အဖိစစ် ဝေ့တ်ချားချီဝါ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။